ဥရောပထိပ်တန်းလိဂ်ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Author CJ Platform
Categories
Published on Jan 04, 2025

ခရစ္စတယ်ပဲလေ့စ် – ချဲလ်ဆီး (စနေည ၉ နာရီခွဲ)

 

အိမ်ရှင်ပဲလေ့စ်ဟာ အာဆင်နယ်ကို နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် ခြေစွမ်းပြန်လည် တည်ငြိမ်လာခဲ့ပြီး ဘုန်းမောက်ကိုသရေနဲ့ ဆောက်သမ်တန်ကို အနိုင်ကစားထားနိုင်ပါတယ်။ ချဲလ်ဆီးကတော့ နောက်ဆုံး သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ကာ အဆိုပါ သုံးပွဲမှာ တိုက်စစ်ပိုင်းက သွင်းဂိုး တစ်ဂိုးတည်းသာ ရတဲ့အထိ ဆိုးရွားနေခဲ့တာပါ။

 

အဲဒီအခြေအနေဆိုးကနေ အမြန်ဆုံး ပြန်လည်ရုန်းထွက်နိုင်ဖို့ ကြိုးစားလာမှာသေချာပါတယ်။ ပဲလေ့စ်ဟာ အိမ်ကွင်းကစားပုံ မာကျောမှုရှိတဲ့အသင်းဖြစ်ပြီး မာတီတာ၊ အဇီးနဲ့ ဆားတို့ကလည်း ဘယ်အချိန်မဆို ဂိုးသွင်းနိုင်တဲ့အစွမ်းရှိပါတယ်။ ချဲလ်ဆီးတို့ ကစားသမားအင်အား သာလွန်နေတာကြောင့် ခက်ခဲနိုင်ပေမယ့် အဝေးကွင်းမှာ ကပ်ပြီး အနိုင်ရသွားဖို့ များပါတယ်။

 

ခန့်မှန်းချက် – ပဲလေ့စ် ၁-၂ ချဲလ်ဆီး

 

****************************************

မန်စီးတီး – ဝက်စ်ဟမ်း (စနေည ၉ နာရီခွဲ)

 

မန်စီးတီးအတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားနေရဆဲကာလပါ။ နောက်ဆုံးပွဲ လက်စတာကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ကာ နိုင်ပွဲပျောက်နေတဲ့ အိပ်မက်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ဂွာဒီယိုလာနဲ့ သူ့ကစားသမားတွေဟာ ဖိအားတွေအောက်ကနေ အတော်အသင့် ပြန်လည် ရုန်းထွက်ပြီးသား ဖြစ်သွားမှာမို့ အမှားခံမှာ မဟုတ်ပါဘူး။

 

ဝက်စ်ဟမ်းကလည်း ဒီရာသီမှာ အသင်းငယ်တွေနဲ့တွေ့ချိန်မှာ ရလဒ်ကောင်း ရယူထားနိုင်ပေမဲ့ အသင်းကြီးတွေကို ခံကစားနိုင်စွမ်းမရှိပါဘူး။ ပြီးခဲ့တဲ့ပွဲမှာလည်း လီဗာပူးလ်ကို ငါးဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။ မန်စီးတီးတိုက်စစ်ကို ထိန်းနိုင်ဖို့ မလွယ်ပါဘူး။ မန်စီးတီးအတွက် အနိုင်သေချာတဲ့ပွဲပါပဲ။

 

ခန့်မှန်းချက် – မန်စီးတီး ၂ – ၀ ဝက်စ်ဟမ်း

 

 

****************************************

ဘရိုက်တန် – အာဆင်နယ် (တနင်္ဂနွေ နံနက် ၁၂ နာရီ)

 

ဘရိုက်တန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး လေးပွဲသရေကျကာ တစ်ပွဲရှုံးထားပါတယ်။ အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲဆက် အရှုံးမရှိဘဲ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖိအားပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

 

ဒီနှစ်သင်းဟာ ပထမအကျော့တုန်းက ဒီကလန်ရိုက်စ်ရဲ့ အငြင်းပွားဖွယ်ရာ အနီကတ်နဲ့အတူ အမ်းမရိတ်မှာ သရေဖြစ်သွားခဲ့လို့ အာဆင်နယ်အနေနဲ့ အဲဒီအကြွေးကို ပြန်ယူဖို့ ကြိုးစားလာမှာပါ။

 

ဒါပေမဲ့ ဒီပွဲမှာ ညာနောက်ခံလူ တင်ဘားက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်သလို မတည်ငြိမ်သေးတဲ့တိုက်စစ်ကြောင့် အာဆင်နယ်ရုန်းရနိုင်ပါတယ်။ အဝေးကွင်းမှာ ခက်ခက်ခဲခဲကစားရင်း အာဆင်နယ်တို့ အနိုင်သုံးမှတ်ရသွားပါလိ့မ်မယ်။

 

 

ခန့်မှန်းချက် – ဘရိုက်တန် ၀-၁ အာဆင်နယ်

****************************************

လီဗာပူးလ် – မန်ယူ (တနင်္ဂနွေည ၁၁ နာရီ)

 

ဒီအပတ်ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ပါပဲ။ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးလ်ဟာ ခြေစွမ်းရော စိတ်ဓာတ်ပါ အမြင့်ဆုံးမှာ ရှိနေချိန်မှာတော့ ဧည့်သည်မန်ယူအသင်းက လေးပွဲဆက်အရှုံးနဲ့အတူ ဆိုးရွားလှတဲ့ စံချိန်မှတ်တမ်းတွေနဲ့ နစ်မွမ်းနေရပါတယ်။

 

လီဗာပူးလ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ ဖူလ်ဟမ်နဲ့သရေကျခဲ့တာကလွဲရင် ကျန် လေးပွဲကို အနိုင်ကစားခဲ့ပြီး တိုက်စစ်ပိုင်းက ၁၈ ဂိုးအထိ သွင်းထားနိုင်တာပါ။ လီဗာပူးလ်တိုက်စစ်မှာ ဆာလားက ရပ်တန့်မရဖြစ်နေသလို မန်ယူနဲ့ဆုံရင် ပိုပြီး ဂိုးမြူးတတ်တဲ့အစဉ်အလာလည်း ရှိနေပါတယ်။ မန်ယူကတော့ ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲဆက် ရှုံးခဲ့သလို တိုက်စစ်ကလည်း ဂိုးမသွင်းနိုင်ခဲ့ဘဲ ခံစစ်က ခုနစ်ဂိုးခွင့်ပြုခဲ့ရပါတယ်။

 

လီဗာပူးလ်နဲ့ အန်ဖီးလ်မှာ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ သုံးပွဲမှာလည်း တစ်ဂိုးမှ မသွင်းနိုင်ခဲ့သလို ၁၁ ဂိုးအထိ ပေးထားခဲ့ရတာကြောင့် ဒီပွဲကတော့ ဂိုးပြတ်မရှုံးနိမ့်ရေးကိုသာ ဦးစားပေးရမဲ့ အနေအထားဖြစ်ပါတယ်။ လီဗာပူးလ်အတွက် အနိမ့်ဆုံး နှစ်ဂိုးပြတ် နိုင်ပွဲကို ပိုင်ဆိုင်သွားပါလိမ့်မယ်။

 

 

ခန့်မှန်းချက် – လီဗာပူးလ် ၃-၀ မန်ယူ

 

****************************************

ရိုးမား – လာဇီယို (တနင်္လာနံနက် ၂ နာရီ ၁၅ မိနစ်)

 

စီးရီးအေ ရပ်ဝန်းက ရောမဒါဘီပွဲစဉ်ပါ။ ဒီနှစ်သင်းဆုံတွေ့လိုက်တိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲကို မြင်တွေ့ရလေ့ရှိပါတယ်။ ရိုးမားဟာ ဒီရာသီမှာ နည်းပြအပြောင်းအလဲ ပြုလုပ်ထားပြီး ဝါရင့်နည်းပြကြီး ရာနီရေးရီရဲ့ ဦးဆောင်မှုနဲ့အတူ အနည်းငယ် တည်ငြိမ်လာခဲ့ကာ နောက်ဆုံး ငါးပွဲမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေနဲ့ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

 

လာဇီယိုကတော့ အနည်းငယ်ထူးခြားပါတယ်။ ဒီရာသီမှာ ခြေစွမ်းပိုင်း အတော်လေးထက်မြက်ပြီး ဒီဇင်ဘာလအတွင်းမှာပဲ နာပိုလီကို နှစ်ကြိမ်အနိုင်ယူခဲ့သလို ယူရိုပါလိဂ်မှာလည်း အေဂျက်စ်ကို နယ်သာလန်မြေထိသွားပြီး ဂိုးပြတ်အနိုင်ယူခဲ့တာပါ။

 

လာဇီယိုဟာ အင်တာမီလန်ကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပေမဲ့ အဲဒီနောက်မှာလည်း တည်ငြိမ်တဲ့ ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းအရ လာဇီယိုက အသာရနေပြီး ရိုးမားရဲ့ အိမ်ကွင်းအားနဲ့ ရုန်းကစားနိုင်စွမ်းကို ထည့်တွက်မယ်ဆိုရင် သရေတစ်မှတ်စီနဲ့ ကျေနပ်ရဖို့ များပါတယ်။

 

ခန့်မှန်းချက် – ရိုးမား ၁ – ၁ လာဇီယို

 

ဓာတ်ပုံ – opta