နောင်ချိုက နောက်ဆုံးခံတပ် ၆၀၆ တပ်ရင်းကို စစ်ကောင်စီ အပြင်းအထန်ခုခံ

Author လဂွန်းအိမ်
Categories
Published on Jul 03, 2024

မန္တလေးတိုင်း-ရှမ်းမြောက် အစပ်က နောင်ချိုမြို့ရဲ့ နောက်ဆုံးကျန်တဲ့ တပ်စခန်း ဒုံးတပ်ရင်း ၆၀၆ ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ်တွေ အပြင်းအထန်ခုခံနေတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ရှမ်းမြောက်နဲ့ မန္တလေးတို့မှာဖြစ်ပွားနေတဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအောင်းတပ် TNLA ဘက်က စတင်တိုက်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကတည်းက ၆၀၆ တပ်ရင်းသိမ်းတိုက်ပွဲကို ဆင်နွှဲနေတာ မနေ့က ရှစ်ရက်တိုင်ခဲ့ပါတယ်။

အဲဒီတပ်ရင်းမှာ မနေ့ ဇူလိုင်လ ၂ ရက် မနက်ကနေ ညနေပိုင်းအထိ နှစ်ဘက်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊ MI 35 ၊ Y-12၊ လေယာဉ်တို့ဖြင့် လေကြောင်းပစ်ကူများပေးခဲ့တယ်လို့ TNLA ရဲ့ မနေ့ညပိုင်း ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

ဒါ့အပြင် Y – 12 လေယာဉ် တစ်စီးဖြင့် လက်နက်ခဲယမ်းများနဲ့အတူ စစ်ကူအင်အား ၅၀ ခန့်လည်း ထပ်မံဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီနောက် ဘန့်ဘွေးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး အကြိမ်ရေ ဒါဇင်နဲ့ချီ ၆၀၆ တပ်စခန်းအနီးသို့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေဘက်ကသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့က ခမရ ၁၁၄ နဲ့ ၁၁၅ တို့မှ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ များလည်း ဒုံရင်းတပ်ကို သွားရောက်ပူးပေါင်းနေတယ်လို့ ဆိုပါတယ်။

မနေ့က ရှမ်းမြောက် ၁၀၂၇ တိုက်ပွဲတွေထဲ နောင်ချိုမြို့က တိုက်ပွဲတွေအပြင် ကျောက်မဲမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ အဓိက စခန်းတွေဖြစ်တဲ့ ခမရ ၅၀၁ နဲ့ ၅၀၂ တပ်စခန်းတွေကို TNLA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ မြို့တွင်းမှာလည်း ပစ်ခတ်သံတွေ ရံဖန်ရံခါကြားရပြီး လျှပ်စစ်မီးတွေ တစ်မြို့လုံးနီးပါး ပြတ်တောက်သွားပြီလို့ အဲဒီကဒေသခံများထံမှ သိရပါတယ်။

 

နောက်ထပ်တိုက်ပွဲတွေကတော့ မိုးမိတ်မြို့ မှာ စစ်ကောင်စီက မကျီးပင်ဒေသကို ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။ ဇူလိုင် ၁ ရက်နေ့မှာလည်း ညောင်နီနဲ့ သရက်ချိုကျေးရွာတို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

 

PSLF/TNLA ရဲ့ ဇူလိုင် ၂ ရက် တစ်ရက်တာ သတင်းထုတ်ပြန်ချက်ထဲ မန္တလေးတိုင်းဘက်က မတ္တရာနဲ့ မိုးကုတ်မြို့တို့က တိုက်ပွဲအခြေအနေတွေ ပါဝင်လာတာမတွေ့ရပါဘူး။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးထဲ ရှမ်းမြောက်အပြင် မန္တလေးတိုင်းထဲ တအောင်းတပ်နဲ့အတူ မန်း PDF ၊ ဒေသကာကွယ်ရေးတပ်၊ DPLA တို့က ပူးပေါင်းတိုက်ခိုက်နေပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ ဇွန် ၂၅ မှ ဇူလိုင် ၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်း ရှစ်ခုအထိ သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းနဲ့ လက်နက်ချ အညံ့ခံ စစ်သား ၆၄ ဦးနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထိန်းသိမ်းထားသလို လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိထားတယ်လို့ မနေ့ ဇူလိုင် ၂ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA