လားရှိုးမြို့ကြီး ဘာဖြစ်နေလဲ?

Author ကိုထားဝယ်
Categories
Published on Jul 03, 2024

ရှမ်းမြောက် တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် လားရှိုးမြို့ကို ကူးစက်လာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့ဇွန်လနှောင်းပိုင်းကစလို့ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ တစ်ဖက်နဲ့ တစ်ဖက် ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားနေကြပါပြီ။ ဒါကြောင့် လားရှိုးမြို့ပေါ်မှာ ဘာတွေဖြစ်နေလဲ။ စစ်ရေးအခြေအနေဘယ်လိုရှိလဲ။ ဒေသခံတွေရော ဘယ်လိုပြင်ဆင်ထားသလဲ။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတာကြောင့် လမ်းပိုင်းအခြေအနေတွေ ဘယ်လိုရှိလဲ စတာတွေနဲ့ပတ်သက်ပြီး မြို့ခံပရဟိတအသင်းများရဲ့ ဦးဆောင်သူတစ်ဦးကို CJ Platform က ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြအပ်ပါတယ်။

 

မေး     ။ လက်ရှိ လားရှိုးမြို့အခြေအနေလေး သိပါရစေ။

ဖြေ      ။ မြို့အခြေအနေကတော့ လောလောဆယ် တိတ်ဆိတ်ခြောက်ကပ်ပြီး တော်တော့်ကို လူသွားလူလာနည်းသွားတယ်။ ဒီဘက်က ပစ်သံခတ်သံတွေ ကြားနေရတယ်။ ဒီလောက်ပါပဲဗျ။

 

မေး     ။ ဒီနေ့(ဇူလိုင် ၃ ရက်)မနက်ပိုင်း လားရှိုးမှာ လက်နက်ကြီးကျလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကြားသိရလို့ပါ။ ဘယ်လိုများ သိရှိထားရပါသလဲ။

ဖြေ     ။ အဲဒါက မြို့ပြင်မဟုတ်ဘူးဗျ။ မြို့လယ်ခေါင်လောက်ကျတယ်ခင်ဗျ။ မြို့တွင်းထဲ ကျတာဗျ။ လောလောဆယ် သိရသလောက် ရှော့တိုက်ဒုံးလို့လည်း သိရတယ်ဗျ။ နေအိမ်ပေါ်ကို ကျတဲ့အခါမှာ ထမင်းစားဖို့လုပ်နေတဲ့မိသားစုတစ်စု အားလုံးပေါင်း ခြောက်ဦး၊ ကျားသုံး၊ မသုံး ထိမှန်သေဆုံးတာတော့ ရှိပါတယ်။ ခြောက်ဦးစလုံး သေဆုံးပါတယ်။ ကချင်မိသားစုအိမ်ဖြစ်ပါတယ်။

 

မေး     ။ သေဆုံးထားသူတွေကို ဘယ်လိုအစီအစဉ်ချပေးထားပါသလဲ။

ဖြေ     ။ အခုမှ သင်္ဂြိုလ်ဖို့ ကျွန်တော်တို့ဆီ လှမ်းပြောနေတာဗျ။ အခု သင်္ဂြိုလ်ဖို့ စီစဉ်နေပါတယ်ဗျ။

 

မေး     ။ ဘယ်အဖွဲ့ကနေပစ်တဲ့ လက်နက်ကြီးလို့ သိရပါသလဲ။

ဖြေ     ။ အဲဒီလိုတော့ မသိဘူးခင်ဗျ။ လောလောဆယ်မှာတော့ ကျွန်တော်တို့သိရသလောက် မြို့ထဲကို နှစ်လုံးကျတာမှာ တစ်လုံးကတော့ နေအိမ်ပေါ်ကျတယ်။ တစ်လုံးကတော့ လူမရှိတဲ့ ကွင်းထဲကို ကျတာရှိတယ်။ လောလောဆယ် အဲဒီလောက်ပဲ သိထားပါတယ်ခင်ဗျ။

 

မေး     ။ လားရှိုးမြို့ပေါ်မှာ စစ်လေယာဉ်တွေ ပျံဝဲနေပါပြီလား။

ဖြေ     ။ အဲဒီလိုကတော့ ရှိပါတယ်။ မနေ့က ညကတည်းက စပြီးတော့ တဂျိန်းဂျိန်းပစ်နေတာဆိုတော့ အဲဒါလေးတွေတော့ ရှိပါတယ်။

 

မေး     ။ ဗုံးကြဲချတာမျိုးရော ရှိပါပြီလား။

ဖြေ     ။ မြို့ကိုတော့ မရှိသေးပါဘူးဗျ။ မြို့ထဲကနေတော့ တစ်ညလုံး (လက်နက်ကြီးတွေ)ပစ်နေတာပဲ။ မြို့ထဲကနေပြီးတော့ ဒီပြင့်နေရာတွေကို ပစ်ကူပေးတဲ့အသံတွေတော့ ကြားနေရတာ။

 

မေး     ။ နောက်ပြီး လားရှိုးလေဆိပ်ကို စစ်ကောင်စီဘက်က ပိတ်လိုက်ပြီဆိုတာ ဟုတ်ပါသလား။

ဖြေ     ။ ဟုတ်။ ပိတ်လိုက်ပါပြီ။ အဲဒါက မှန်ပါတယ်ခင်ဗျ။

 

မေး     ။ ဘယ်အချိန်ကတည်းက စပိတ်လိုက်တာပါလဲ။

ဖြေ     ။ မနက်ကတည်းကဆိုတော့ ဒီနေ့လေကြောင်း ဆင်းမယ့် လေကြောင်းလိုင်းတွေအားလုံး ရပ်သွားတာဗျ။

 

မေး     ။ လားရှိုးလေယာဉ်ကွင်း တစ်နေ့ လေယာဉ်အတက်အဆင်း ဘယ်လောက်ရှိပါသလဲ။

ဖြေ     ။ ကျွန်တော်တို့ သိသလောက် ပုံမှန်အားဖြင့် နှစ်စီးကတော့ အဝင်၊ အထွက်ရှိတယ်။ လားရှိုးမှာ အိပ်တာတော့ မရှိဘူး။ ဥပမာ ရန်ကုန်က ပြန်လာရင် လားရှိုးဆင်းတယ်။ ခရီးသည်တင်ပြီးတော့ ပြန်ထွက်သွားတယ်။ အဲဒီလိုမျိုးပဲ အတက်အဆင်းလုပ်တာမျိုးပဲရှိတယ်။ ညအိပ်ရပ်နားတာတော့ မရှိဘူးဗျ။

 

မေး     ။ နောက်ပြီး လားရှိုး-မူဆယ်လမ်းနဲ့ လားရှိုး-သီပေါ-ကျောက်မဲလမ်းတွေရဲ့ အခြေအနေရော ဘယ်လိုရှိပါသလဲ။

ဖြေ     ။ လောလောဆယ်တော့ လမ်းကြောင်း လုံးဝပိတ်တယ်တော့ မကြားဘူးဗျ။ ဒါပေမဲ့ ပိတ်ထားတာကတော့ ကြာနေပြီဗျ။ သင့်ရာလမ်းတွေကနေပဲ၊ တောလမ်းတွေကနေပဲ ပတ်သွားနေကြရတာပါ။ ဒီနေ့ကတော့ မြို့ပြင်ထွက်ဖို့အတွက် ယာယီပိတ်လိုက်တယ်။ အဲဒါလေးတော့ သိရပါတယ်။ ယာယီဆိုတာ ဘယ်အချိန်ထိပိတ်မယ်။ ဘယ်လောက်ကြာမယ်ဆိုတာ မသိရဘူးခင်ဗျ။

 

မေး     ။ အဲဒီတော့ အခုဆိုရင် လားရှိုးမြို့သူ/မြို့သားတွေ အားလုံး မြို့က ထွက်လို့မရတော့သလို ဝင်လို့လည်းမရတော့ဘူးဆိုတဲ့သဘောပါလား။

ဖြေ     ။ ဟုတ်တယ်။ ခုနကတော့ အပြင်ထွက်လို့မရဘူးလို့ ကျွန်တော်တို့ကို ပြောပါတယ်ဗျ။

 

မေး     ။ အခုလက်ရှိ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရာမှာ အနှောင့်အယှက်တွေ့ရတာမျိုးတွေ ကြုံရပါသလား။

ဖြေ     ။ ကျွန်တော်တို့တော့ လောလောဆယ် မရှိဘူးဗျ။ မရှိဘူးဆိုတာက မနက်က ဖြစ်စဉ်လေးတစ်ခုပဲ ဖြစ်ထားတာရှိသေးတဲ့အတွက် လောလောဆယ်မှာ ကျန်တဲ့နေရာ အထိအခိုက်ဘာညာမကြားမိသေးတဲ့အတွက် ကျွန်တော်တို့ ထွေထွေထူးထူးတော့ မရှိသေးပါဘူး။

 

မေး     ။ လားရှိုးမြို့အတွင်းက ပြည်သူတွေအနေနဲ့ ဘယ်လိုစိုးရိမ်မှုတွေ ရှိနေပါသလဲ။

ဖြေ     ။ စိုးရိမ်တာကတော့ တစ်ဦးနဲ့ တစ်ဦးကတော့ ပြောလို့မရဘူး။ အကုန်လုံးကတော့ မနေ့ညကတည်းက ပစ်သံခတ်သံတွေကြားနေရတော့ အားလုံးကတော့လန့်နေတာပေါ့။ ဒီနေ့ကတော့ လမ်းပေါ်မှာ လူမရှိသလောက်ပဲ။ အားလုံး ဈေးဆိုင်တွေဘာတွေ အားလုံးလည်း ပိတ်သွားတာပေါ့။ မြို့က ခြောက်ကပ်သွားတာပေါ့။

 

မေး     ။ လားရှိုးနဲ့ အနီးနားမြို့တွေဖြစ်တဲ့ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့ထဲတွေမှာလည်း တိုက်ပွဲတွေ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဖြစ်နေတာဆိုတော့ လားရှိုးမြို့ထဲကိုရော စစ်ပွဲကူးစက်လာနိုင်တဲ့အခြေအနေကို ဘယ်လောက်အထိ တွက်ဆလို့ရနိုင်ပါမလဲ။

ဖြေ     ။ လောလောဆယ်မှာတော့ ကျွန်တော်တို့သိသလောက် ကျောက်မဲက မြို့တွင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ နောင်ချိုလည်း ဖြစ်နေတယ်။ သီပေါလည်း အနည်းအကျဉ်းကျတာ ရှိတယ်။ သီပေါနဲ့ လားရှိုးနဲ့က အတူတူပဲ။ ဘေးကနေ တစ်ဖက်အဖွဲ့အစည်းက ရောက်ရှိလာတာဖြစ်တဲ့အတွက် မှန်းဆလို့တော့ လုံးဝမရဘူးဗျ။ ဘယ်လိုဖြစ်လာနိုင်လဲဆိုတဲ့အခြေအနေကိုတော့ လုံးဝမှန်းဆလို့မရနိုင်ပါဘူး။

 

မေး     ။ ဆိုတော့ တိုက်ပွဲရှောင်ဖို့ ပြည်သူတွေအနေနဲ့ ဘယ်လိုထားမှုတွေများရှိပါသလဲ။ ကတုတ်ကျင်းလိုမျိုး အရေးပေါ် တိမ်းရှောင်လို့ အရာမျိုးတွေ ပြင်ဆင်ထားကြတာကို တွေ့မြင်ရပါသလား။

ဖြေ     ။ အဲဒါမျိုးတွေကတော့ ကိုယ်စီကိုယ်စီကတော့ တချို့အိမ်တွေတော့ ပြင်ဆင်ထားတယ်လို့ သိရတယ်ဗျ။ အဆောက်အဦးအောက်မှာတွေ ပြင်ဆင်ထားတာတွေလည်း ရှိကြတယ်။ တချို့လည်း မရှိဘူး။ ဖြစ်နိုင်ခြေကို ဘာမှကြိုတွက်လို့မရတော့ တချို့ကလည်း မလုပ်ထားဘူးပေါ့။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက လက်ရှိမှာလည်း တိတိကျကျမပြောနိုင်တော့လေ။ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို ပြောလို့မရဘူး။ လောလောဆယ်မှာတော့ တခြား ကျောက်မဲတို့၊ နောင်ချိုတို့လို ပုံစံမျိုးအထိတော့ ဒီအချိန်ထိတော့ မရောက်သေးဘူးလို့ ယူဆပါတယ်။

 

မေး     ။ အနီးနားမြို့တွေမှာ ပြီးခဲ့တဲ့ရက်တွေထဲက တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ နေ့တိုင်းလိုလိုဖြစ်ခဲ့တာသိထားမယ်လို့ယုံကြည်ပါတယ်။ ဒီလိုဆိုတော့ လားရှိုးမြို့က ပရဟိတအသင်းတွေအနေနဲ့ ဒီလိုမျိုး အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ ဘယ်လိုမျိုးကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာများရှိပါသလဲ။

ဖြေ     ။ အဲဒီလိုကတော့ ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ကတော့ သာမန်ထက် ပိုတဲ့ပြင်ဆင်မှုဆိုတာကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြစ်လာလို့ရှိရင် အများဆုံး ဖြစ်နိုင်ခြေကို တွက်ဆပြီးတော့မှ ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်။ ဥပမာ – ကားတွေ၊ လူတွေ နောက် လိုအပ်တဲ့ ကိုယ့်မှာတတ်နိုင်တဲ့ ဆေးဝါးနဲ့ ကူညီကယ်ဆယ်ဖို့ အဖွဲ့တွေ ဖွဲ့ထားတာတွေ ရှိပါတယ်။

 

မေး     ။ ဘယ်နှစ်ဖွဲ့လောက်များရှိပါသလဲ။

ဖြေ     ။ ကျွန်တော်တို့ ဒီမှာ နဂို မာရှယ်လော လားရှိုးမြို့မှာ စထုတ်ကတည်းက ကျွန်တော့်ဆီမှာကတော့ ဆယ်ဖွဲ့ရှိတယ်။ ဆယ်ဖွဲ့မှာ နှစ်ဖွဲ့ကတော့ သွေးအသင်းပဲဖြစ်တဲ့အတွက် ရှစ်ဖွဲ့ပေါ့။ အဲဒီရှစ်ဖွဲ့နဲ့ အင်အားစုထားတာတော့ရှိတယ်ခင်ဗျ။ တခြားအသင်းတွေလည်း တစ်သင်းနှစ်သင်းလောက်တော့ ရှိမှာပါ။ နှစ်သင်းလောက်တော့ ပြင်ဆင်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ကျတော့ လားရှိုးမြို့ပေါ်မှာ နည်းနည်းများတာပေါ့။ ကျွန်တော်တို့ကတော့ အစုနဲ့အဖွဲ့နဲ့ ပြင်ထားတာရှိပါတယ်။

 

မေး     ။ ဘာများဖြည့်စွက်ပြောချင်တာများရှိပါဦးမလဲ။

ဖြေ     ။ မရှိတော့ပါဘူး။ ပြည့်စုံပါတယ်ခင်ဗျာ။

 

ဓာတ်ပုံ – လူမှုကွန်ရက်