မင်းအောင်လှိုင် အမိန့်ပေးပြီးနောက် ဧရာဝတီမှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးပြီး ငွေတောင်းနေ

Author CJ Platform
Categories
Published on May 31, 2025

စစ်ကောင်စီက နိုင်ငံတဝန်း လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အခုလကုန်ပိုင်းကစတင်ကာ ဖမ်းဆီးဖို့ ညွှန်ကြားပြီးနောက် ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဒေသခံတွေရဲ့ နေအိမ်တွေအတွင်းထိ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို လိုက်လံစစ်ဆေးပြီး ဖမ်းဆီးနေတာကြောင့် အခက်အခဲများစွာ ဖြစ်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ထွေလာဂျီ စတာတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေတဲ့အပြင် ဦးထုပ်မဆောင်းတာ၊ ယာဉ်မောင်းလိုင်စင်မပါတာတွေကိုပါ ဖမ်းဆီးပြီး သုံးသောင်းကျပ် တောင်းကာ ပြန်လွှတ်ပေးပေမယ့် လိုင်စင်မဲ့ ဖြစ်ပါက အနည်းဆုံး ပိုက်ဆံ သိန်းဂဏန်းအထိ ကောက်ခံနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

 

“ဟိုတစ်နေ့က သဲတင်လာတဲ့ ထွေလာဂျီတစ်စီးကို ဖမ်းတယ်။ ၁၃ သိန်းပေးပြီး ပြန်ထုတ်လာရတယ်။ မနည်းတောင်းတောင်းပန်ပန်နဲ့ ပြောလာရတာ” လို့ ညောင်တုန်းမြို့နယ်က အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ဆိုင်ကယ်မော်ဒယ်အနိမ့်အမြင့်အလိုက် ဈေးနှုန်းအမျိုးမျိုး တောင်းနေပြီး တရုတ်နိုင်ငံထုတ် ဆိုင်ကယ် အဟောင်းတွေဆိုပါက ဖမ်းဆီးတာ မရှိဘူးလို့ သိရပါတယ်။

 

“အခုက ထိုင်းဘီးတွေ PCX တွေက လိုင်စင်မထုတ်ပေးတော့ဘူးလေ။ ဒီကောင်တွေက အဲဒီဘီးတွေပဲ ရွေးဖမ်းတာ၊ လိုင်စင်မရှိမှန်းလည်း သိတယ်။ ဆိုင်ကယ်တန်ဖိုးကလည်း သိန်းရာဂဏန်းလောက်ရှိတော့ မိရင် မပေးလို့မရမှန်း သိနေတယ်။ မိလို့ကတော့ တစီး ၅ သိန်းတောင်းတယ်” လို့ မြောင်းမြမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီက လိုင်စင်မဲ့ မော်တော်ယာဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးရာမှာ ရေလမ်းမှာ သွားလာနေတဲ့ မော်တော်ရေယာဉ်တွေကိုပါ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေတဲ့အပြင် လိုင်စင်မရှိပါက အရေးယူဖမ်းဆီးပြီး ငွေကြေး မတန်တဆ တောင်းခံ ဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

မော်တော်ယာဉ်ဥပဒေအရ ယာဉ်မောင်းလိုင်စင် မပါတာ၊ အခြားသူရဲ့ ယာဉ်မောင်းလိုင်စင်ကို အသုံးပြုတာ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်တာ၊ ယာဉ်မောင်းနေစဉ် ဖုန်း အသုံးပြုတာ၊ ထိုင်ခုံ ခါးပတ် မပတ်တာ၊ ဝန်ပိုတင်၊ မီးပိုတက်၊ ဘတ်မှန်တွေ ရှေ့ကြည့်မှန်တွေ ညအချိန် ရှေ့အနိမ့်မီး မဖွင့်တာတွေ၊ ဦးထုပ်မဆောင်းတာတွေ ရှိပါက ဒဏ်ငွေ သုံးသောင်းအဖြစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေမှာ ပြဌာန်းထားပါတယ်။

 

ဓာတ်ပုံ – pro-SAC

Related News

Depend on news