နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၇ ရက် သတ်မှတ်တယ်လို့ ကြေညာ

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် (The day of national mourning)
အဖြစ် ဒီကနေ့ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်တဲ့ မြေငလျင်ကြောင့် အသက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးခြင်းတွေအတွက် စာနာနားလည်မှုနဲ့အတူ ထပ်တူခံစားပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သတ်မှတ်ထားတဲ့ ရက်အတွင်း နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျော့ချကာ လွှင့်ထူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး အင်းအားကြီးငလျင် လှုပ်ခတ်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်းတို့ရှိ ငလျင်ဒဏ်သင့်တဲ့ နေရာတွေကို အရေးပေါ်အခြေအနေအဖြစ် ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ ညနေမှာ စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကနေ ကြေညာထားပါတယ်။