ပုသိမ်မှာ ငလျင်လှုပ်ခတ်ပြီးကတည်းက ယနေ့အထိ လျှပ်စစ်မီး ပြန်မရသေး

အင်အားပြင်းငလျင်ဖြစ်တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်အပြီး ဧရာဝတီတိုင်းက မြို့နယ်အများစု လျှပ်စစ်မီးပြတ်တောက်ခဲ့သလို ပုသိမ်မြို့မှာလည်း ပြတ်တောက် ခဲ့တာကြောင့် အခက်အခဲတွေဖြစ်ခဲ့ရတဲ့အပြင် သောက်သုံးရေရရှိဖို့ပါ ခက်ခဲသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လျှပ်စစ်မီးမရရှိတော့တဲ့အတွက် သောက်သုံးရေရရှိဖို့ မီးစက်ငှားရေတင်ကြရတာတွေရှိသလို မီးစက်ငှားရမ်းခ ဈေးနှုန်းတွေလည်း မြင့်တက်လာပြီး မီးစက်ငှားရမ်းဖို့လည်း ခက်ခဲသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ မီးစက်ငှားပြီးရေတင်နေရတယ်။ တစ်နာရီကို တစ်သောင်းခွဲကနေ အခု တစ်နာရီကို နှစ်သောင်းခွဲပေးပြီး ငှားတင်နေရတယ်။ မီးကဘယ်အချိန်ပြန်လာမလဲ မသိသေးဘူး” လို့ ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
ဒါ့အပြင် နာရေးဖြစ်တဲ့အိမ်တွေလည်း မီးစက်ငှားမရတာတွေပါ ဖြစ်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပုသိမ်မြို့က လျှပ်စစ်မီးအသုံးပြု လုပ်ငန်းလုပ်ကိုင်နေသူတွေကတော့ မီးစက်များနဲ့ လုပ်ကိုင်နေကြရပြီး ဖုန်းအားသွင်းဖို့ အခမဲ့ ကူညီပေးသူတွေရှိသလို တစ်ချို့မှာ ဖုန်းတစ်လုံး ၂၀၀၀ ကျပ်နဲ့ အားသွင်းပေးတာမျိုးလည်းရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
သောက်သုံးရေအခက်အခဲအတွက် ပရဟိတအဖွဲ့တွေက ရေလှူဒါန်းပေးတာမျိုးရှိသလို ငွေကြေးတတ်နိုင်သူက ဆီထည့်ပေးရကာ မီးစက်နဲ့ တစ်အိမ်ဆင်းတစ်အိမ်တက် မီးစက်နှိုး လိုက်ကူညီပေးနေသူတွေလည်းရှိတယ်လို့ ပုသိမ်မြို့ခံ ကိုညီညီရဲ့ ပြောပြချက်အရ သိရပါတယ်။
“ဖုန်းအားသွင်းဖို့အတွက်ကတော့ စားသောက်ဆိုင်တွေ မုန့်ဆိုင်တွေ ဆိုလာတပ်ထားသူတွေကတော့ ကဒ်ပြားလေးတွေနဲ့ နာမည်မှတ်ပြီး ဖုန်းသွားသွင်းလို့ရတာမျိုးလည်းရှိတယ်။ ပိုက်ဆံပေးပြီးသွင်းရတဲ့ နေရာတွေလည်းရှိတယ်”လို့ သူက CJ Platform ကိုပြောပါတယ်။
ပုဂ္ဂလိကဆေးရုံအများစုကတော့ မီးစက်ကြီးတွေနဲ့ မီးမောင်းပြီး ဆေးကုသတာတွေရှိပေမဲ့ ပုသိမ်ဆေးရုံကြီးရဲ့ အခြေအနေတော့ မသိရှိဘူးလို့သူက ဆက်ပြောပြပါတယ်။
ပုသိမ်မြို့အတွင်း ဘက်စုံလူမှုကူညီရေးအဖွဲ့၊ မနောဖြူလူမှုကူညီရေးအဖွဲ့နဲ့ ပစ်တိုင်းထောင် ပရဟိတအဖွဲ့ တို့က ပုသိမ်မြို့အတွင်း ရေကားဝင်ရောက်လို့ရတဲ့နေရာတွေကို ရေလိုက်လံလှူဒါန်းပေးနေသလို အခြားပရဟိတအဖွဲ့တွေကလည်း မီးစက်နဲ့ လိုက်ကူညီပေးနေတာမျိုး တွေလည်းရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပုသိမ်မြို့မှာ လျှပ်စစ်မီးပြတ်တောက်တာကြောင့် မြို့ခံတွေအခက်အခဲရှိနေပေမဲ့ စစ်ကောင်စီက ကူညီပေးတာမျိုးမရှိပဲ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးကောက်ခံတာ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့ ကောက်ခံတာတွေသာ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။