ကေပေး သုံးစွဲသူတချို့ ဘဏ်အကောင့်ထဲက ငွေကြေးတွေ အခိုးခံရ
ကမ္ဘောဇဘဏ်ရဲ့ မိုဘိုင်းလ်ငွေကြေးစနစ် (KBZ Pay) သုံးစွဲသူတချို့ဟာ သူတို့ဘဏ်အကောင့်ထဲက ငွေကြေးတွေ အလိုလို လွှဲပြောင်းခံရပြီး ခိုးယူခံရမှုတွေ အခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေတယ်လို့ ကြုံတွေ့ရသူတွေဆီက သိရပါတယ်။
အခုလို အခြေအနေတွေဟာ အူရီဒူးဆင်းဖုန်းဆင်းကတ်နဲ့ ဖွင့်ထားသူတွေ အများဆုံး ကြုံနေရတာဖြစ်ပြီး တစ်ဘက်က မသမာတဲ့ နည်းလမ်းတွေနဲ့ ပိုင်ရှင်တွေရဲ့ အကောင့်ကို Login ဝင်ရောက်တာကြောင့် ကာယကံရှင်တွေဆီမှာ Logout ဖြစ်ပြီး တစ်ခါသုံး One-Time Password (OTP) ကုဒ်တွေ ဝင်လာကာ တစ်ဘက်က အဲ့ဒီ OTP ကုဒ်နဲ့ KBZ Pay ကို Login ဝင်ရောက်ပြီး အကောင့်ထဲက ငွေကြေးတွေကို အလိုလို လွှဲပြောင်း ရယူနေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
“သိန်း ၂၀ ပါသွားတယ်။ ကျွန်မလိုပဲ အသိတစ်ယောက်လည်း အဲဒီလိုဖြစ်တယ်။ ငွေလွှဲယူသွားတဲ့ နာမည်က အတူတူပဲ။ K Pay Center သွားပြောတော့လည်း ဘာမှလည်းမထူးဘူး။ ပြန်လည်းမရဘူး ပိုက်ဆံတွေက”လို့ ကြုံတွေ့ခဲ့ရသူ အသက် ၃၅ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ငွေကြေးခိုးယူခံရမှုတွေကို သက်ဆိုင်ရာရဲစခန်းကို သွားရောက်တိုင်တန်းကြသော်လည်း အချိန် လေးငါးလအထိ ကြာမြင့်နိုင်တယ်လို့ ပြောဆိုမှုကြောင့် အမှုမဖွင့်ဘဲ ပြန်လာခဲ့ကြရတယ်လို့ ငွေကြေးဆုံးရှုံးသွားသူတွေက ပြောပါတယ်။
အမှုဖွင့်မယ်ဆိုပါက Kpay သုံးတဲ့ဖုန်း၊ SIM Card, Account တွေနဲ့ ဆက်စပ် အချက်အလက်တွေ အကုန်လုံးကို ရဲစခန်းမှာ ထားခဲ့ဖို့နဲ့ KBZ Pay ကလည်း ငွေလက်ခံအကောင့်ကို သုံးရက်အထိပဲ ပိတ်ပေးထားပေးမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
အခုလို ဘဏ်အကောင့်ထဲက ငွေကြေးတွေပါ အလိုလိုလွှဲပြောင်းခံရတဲ့ ဖြစ်စဉ်တွေပါ ဖြစ်လာတာကြောင့် KBZ Pay အသုံးပြုသူတွေကြား စိုးရိမ်မှုတွေနဲ့ KBZ Bank အပေါ် မယုံကြည်မှုတွေ ပိုတိုးလာနေပါတယ်။
“ကျွန်တော်က Atom Sim card နဲ့ ဖွင့်ထားတာဆိုတော့ မဖြစ်သွားဘူးဗျ။ အခုက Ooredoo သမားတွေ တော်တော်အဖြစ်များတယ်။ K Pay ကလည်း မဖြစ်လို့သာ သုံးနေရတာဗျာ။ အခုလိုတွေ ခဏခဏဖြစ်နေတော့ ဘဏ်ထဲက ကိုယ့်ပိုက်ဆံတောင် ဆက်ထားဖို့ အဆင်မပြေတော့ဘူး”လို့ KBZ Pay သုံးစွဲနေသူ အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း နိုင်ငံတစ်ဝန်း ရေဘေးကြုံတွေ့ခဲ့ရသူများကို K Pay ကတဆင့် လှူဒါန်းတဲ့ ဘဏ်အကောင့်တွေကို ငွေကြေးခဝါချတဲ့ဆိုတဲ့ မှတ်ချက်တွေနဲ့ ပိတ်ပင်တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါသေးတယ်။
နည်းပညာကျွမ်းကျင်သူတွေကတော့ အင်တာနက်သုံးစွဲသူတွေအနေနဲ့ မသမာတဲ့ ချဉ်းကပ်မှုတွေရှိလာရင် သတိနဲ့ ချဉ်းကပ်ကြဖို့၊ ဖုန်းအသုံးပြုရာမှာ မိမိမသိတဲ့ လင့်ခ်တွေကို သတိမမူဘဲ ဝင်ရောက်တာ ဒါမှမဟုတ် တစ်ဘက်က စေခိုင်း ဝင်ရောက်တာတွေကို သတိထားဖို့ ကြော်ငြာတွေ၊ သွေးဆောင်ဖြားယောင်းတာတွေအပြင် ဆုမဲပေါက်တဲ့ ကိစ္စရပ်တွေကို သတိထားဖို့အပြင် အများသုံး ဝိုင်ဖိုင်တွေ အသုံးပြုတာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ငွေကြေးခိုးယူခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု။