ဒေသ ၉ ခုမှာ အပူချိန် ၂၀ ဒီဂရီအောက်သာ ရှိမယ် “ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ဒီကနေ့ညနေပိုင်းအထိ မိုးလေဝသအခြေအနေ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမယ်လို့ စစ်ကောင်စီ မိုးဇဗလက ခန့်မှန်းထားပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းနဲ့ မနက်ဖြန် မနက် အစောပိုင်းတွေမှာ ရခိုင်ပြည်ကလွဲပြီး မြန်မာတစ်နိုင်ငံလုံးမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး တနင်္သာရီတိုင်းတောင်ပိုင်းမှာ တိမ်ထူထပ်နေနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့က ခန်မှန်းထားပါတယ်။
“ညအပူချိန်များ”
ဒီကနေ့ညပိုင်းနဲ့ မနက်ဖြန် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် မနက်အစောပိုင်းတွေမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ မွန်ပြည်၊ ကရင်ပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်အထက်မှာ ဆက်ရှိနေနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ် အောက်ကျဆင်းနေနိုင်တယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း(ဇန်နဝါရီ ၁၃ နဲ့ ၁၄ ရက်နေ့အထိ)ပြည်နယ်တိုင်းအားလုံးမှာ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်အောက်ကို ကျဆင်းနိုင်တယ်လို့ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ ဆိုထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေကနေ ခုနစ်ပေခန့် ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်၊ ရခိုင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။