နာမည်ကြီးအင်္ဂလန်နဲ့ စပိန်တို့ ကွာတားဖိုင်နယ်တက်နိုင်မလား?

Author မောင်ရှမ်း
Categories
Published on Jun 30, 2024

ဒီကနေ့ ဇွန် ၃၀ ရက်ညမှာတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေ ရှိနေဦးမှာပါ။ ၁၆ သင်းအဆင့်ပွဲစဉ်တွေထဲက ပြီးခဲ့တဲ့ရက်က ဆွစ်ဇာလန်နဲ့ ဂျာမနီတို့ ကွာတားဖိုင်နယ်တက်သွားခဲ့ပါပြီ။ ဒီည မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ ယှဉ်ပြိုင်သွားဖို့ရှိနေသလို ဇူလိုင် ၁ ရက် နံနက် ၁ နာရီခွဲမှာတော့ စပိန်နဲ့ ဂျော်ဂျီယာတို့ ကစားသွားရမှာဖြစ်ပါတယ်။ ယခုပွဲစဉ်နှစ်ပွဲအတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်တွေက ဘာတွေဖြစ်မလဲ။ ဘယ်အသင်းတွေ နိုင်မယ်လို့ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်…

အင်္ဂလန် – ဆလိုဗက်ကီးယား

 

အင်္ဂလန်ဟာ အုပ်စုဗိုလ်အဖြစ်နဲ့ ဒီအဆင့်ကိုရောက်လာခဲ့တယ်ဆိုပေမဲ့ အုပ်စုတွင်း ၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲတည်းသာရှိခဲ့သလို ရဂိုးကလည်း ၂ ဂိုးတည်းသာရှိခဲ့ပြီး နည်းပြဆောက်ဂိတ်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ အာနိုးလ်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ဂါလက်ချာကို ကွင်းလယ်မှာ ဒီကလန်ရိုက်စ်နဲ့ တွဲပေးခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာတော့ ဂါလက်ချာကိုထုတ်ပြီး ကိုဘီ မိုင်နူးကို ဝင်ရောက်ကစားစေခဲ့သလို မိနစ် ၇၀ ကျော်မှာတော့ ဆာကာရဲ့နေရာမှာ ကိုးလ်ပယ်မားကို ထည့်သွင်းပြီး စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ပရိသတ်တွေက ကိုဘီမိုင်နူးနဲ့ ပယ်လ်မားကို ပွဲကစားခွင့်ပေးဖို့ တောင်းဆိုနေကြတာကို ဆောက်ဂိတ်က လျစ်လျူရှုခဲ့တာမျိုးမရှိသလို အဆိုပါကစားသမားတွေကိုယ်တိုင်ကလည်း ထိုက်သင့်တဲ့ခြေစွမ်းမျိုးတွေပြသနိုင်ခဲ့တာကြောင့် ဒီနေ့မှာပွဲထွက်ခွင့်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

 

ဆလိုဗက်ကီးယားရဲ့ခြေစွမ်းကလည်း အားရစရာမရှိဘဲ အုပ်စုတွင်းမှာ အဖွင့်ပွဲ ဘယ်လ်ဂျီယံကို နိုင်ခဲ့တာကလွဲရင် ယူကရိန်းကိုရှုံးပြီး ရိုမေးနီးယားကို သရေကျထားခဲ့တာပါ။ ကစားသမားအင်အားအရလည်း အင်္ဂလန်ကို ယှဉ်ကစားနိုင်ဖို့မလွယ်ပါဘူး။ သူတို့အနေနဲ့ ခံစစ်အားပြုပြီး အင်္ဂလန်ကို ရင်ဆိုင်ဖို့ ရှိနေပါတယ်။ အင်္ဂလန်အတွက် ကစားသမားကောင်းတွေ အများအပြားပိုင်ဆိုင်ထားတာက အားသာချက်ဖြစ်ပြီး လိုအပ်သလို အပြောင်းအလဲပြုလုပ်ရင်း အကောင်းဆုံးပုံစံမှာရှိမနေသည့်တိုင် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်စွမ်းတော့ ရှိနေဦးမှာပါ။ ရုန်းရင်းကန်ရင်း အဆုံးသတ်မှာ အင်္ဂလန်အသာရသွားဖို့ ရှိနေပါတယ်။

 

ခန့်မှန်းချက် – အင်္ဂလန် ၂ – ၁ ဆလိုဗက်ကီးယား

စပိန် – ဂျော်ဂျီယာ

 

စပိန်ဟာ ဂျာမနီပြီးရင် အုပ်စုတွင်းမှာ ခြေစွမ်းပိုင်းအရ အကောင်းဆုံးအသင်းအဖြစ် ပရိသတ်တွေ လက်ခံအသိအမှတ်ပြုထားရတဲ့အသင်းဖြစ်ပါတယ်။ ခရိုအေးရှားလိုအသင်းမျိုးကိုတောင် ၃ ဂိုးပြတ်နဲ့ အနိုင်ကစားခဲ့သလို အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ပြီး ပေးဂိုးလုံး၀ခွင့်ပြုထားရခြင်းမရှိတဲ့အထိ ခံစစ်ပိုင်းက မာကျောခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အဓိက ကစားသမားအားလုံးနီးပါးကို အနားပေးထားနိုင်ခဲ့တာကြောင့် ဒီပွဲမှာတော့ အဲဒီကစားသမားတွေဟာ အင်ပြည့်အားပြည့်နဲ့ ပွဲထွက်လာမှာပါ။ တိုက်စစ်ပိုင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ မိုရာတာ၊ နစ်ကိုးလ် ဝီလီယံနဲ့ လမိုင်းယာမယ်လ်တို့အပြင် ဟိုဆေးလူ၊ အိုယာဇာဘယ်လ်နဲ့ ဖာရန်တောရက်စ်တို့လို ကစားသမားတွေလည်း ရှိနေပါတယ်။

 

ဂျော်ဂျီယာကတော့ အုပ်စုတွင်းမှာ အားရစရာမရှိဘဲ နောက်ဆုံးပွဲမှာ အုပ်စုတက်ပြီးသားဖြစ်နေတဲ့ ပေါ်တူဂီကို အနိုင်ရခဲ့လို့သာ ဒီအဆင့်ကိုရောက်လာခဲ့တာပါ။ သူတို့အသင်းရဲ့သမိုင်းတစ်လျှောက်မှာ ပထမဆုံးကစားခွင့်ရတဲ့ ယူရိုပြိုင်ပွဲဟာ ၁၆ သင်းအဆင့်မှာပဲ ကျေနပ်ရဖွယ်ရှိနေပါတယ်။ စပိန်အနေနဲ့ တစ်ပွဲလုံးမှာ လွှမ်းမိုးကစားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားဖို့ များပါတယ်။

 

ခန့်မှန်းချက် – စပိန် ၂ – ၀ ဂျော်ဂျီယာ

 

ဓာတ်ပုံ – OPTA