“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဇွန် ၂၃ မှ ၂၉ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jun 30, 2024

ကမ္ဘာ့ရွှေဈေးမြင့်တက်ချိန် တစ်သောင်းကျပ်တိတိ ပြန်ကျလာတဲ့ မြန်မာ့ရွှေစျေး

 

ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအားပေါ် မူတည် ပြောင်းလဲနေတဲ့ မြန်မာ့ရွှေဈေးကွက်ဟာ ဒီတစ်ပတ်မှာတော့ ကမ္ဘာ့ရွှေဈေး အနည်းငယ်မြင့်တက်ခဲ့ပေမယ့် အနည်းငယ် ပြန်ကျလာခဲ့ပါတယ်။

 

ကျတယ်ဆိုပေမယ့် စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းရဲ့ ဈေးနှုန်းတွေထက် ခုနှစ်သိန်းခွဲကျော် များနေဆဲဖြစ်သလို ၁၆ ပဲရည်တစ်ကျပ်သား ၅၂ သိန်းခွဲ နီးပါးအထိ ရှိနေဆဲ ဖြစ်ပါတယ်။

 

ပြည်တွင်းရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ်ကထက် ၁၅ ပဲရည် နဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းတွေဟာ တစ်သောင်းကျပ်တိတိ သာတူညီစွာ ကျဆင်းလာခဲ့တာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ် စနေမှာ တစ်အောင်စကို အမေရိကန် ၂၃၂၀ ဒေါ်လာနဲ့ စျေးကွက်ပိတ်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၂၃၂၆ ဒေါ်လာအထိ တက်သွားခဲ့တဲ့အတွက် ၆ ဒေါ်လာနီးပါး တက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ဒီတစ်ပတ်ထဲမှာတော့ တစ်အောင်စ ၂၃၃၄ ဒေါ်လာအထိ သောကြာနေ့မှာ မြင့်တက်ခဲ့ ပါသေးတယ်။

 

ဇွန်လ ၂၉ ရက် စနေနေ့ ပြင်ပဈေးကွက်ထဲ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၂ သိန်း လေးသောင်းကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား သိန်း ၅၀ကျပ်တိတိဈေးရှိနေချိန် စစ်ကောင်စီလက်အောက်ခံ YGEA ရဲ့ ဈေးနှုန်းကတော့ အကယ်ဒမီမီးလင်းရွှေ(၁၆ ပဲရည်)တစ်ကျပ်သား ၄၄ သိန်းကျော်သာ သတ်မှတ်ထားပါတယ်။