စစ်ကောင်စီ အုပ်ချုပ်သူများ ဥပဒေကို နားလည်မှ နိုင်ငံနှင့် ပြည်သူအတွက် ကောင်းကျိုးများ ဖော်ဆောင်ပေးနိုင်မည်ဟု စစ်ခေါင်းဆောင်ပြော

Author ကိုထားဝယ်
Categories
Published on Apr 30, 2024

ဆန့်ကျင်သူများကို နှိပ်ကွပ်ရန် ဥပဒေကိုလက်နက်သဖွယ်ကျင့်သုံးနေသော စစ်အဖွဲ့အစည်းက စစ်ကောင်စီအစိုးရအဖွဲ့ဝင်များအနေဖြင့် ဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ပြောကြားသည်။

 

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့သည် နိုင်ငံ၏ အခြေခံလိုအပ်ချက်ဖြစ်သည့်အတွက် ဥပဒေအသိရှိကြရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

 

“အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့် ဥပဒေကိုနားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့လုပ်ကိုင်ဆောင်ရွက်မှုများသည် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး အကျိုးရှိမှန်ကန်ထိရောက်သည့် လုပ်ရပ်များနှင့် နိုင်ငံနှင့်ပြည်သူအတွက် ကောင်းကျိုးရလဒ်များကို ဖော်ဆောင်နိုင်မည်ဖြစ်သည်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။

 

စစ်ကောင်စီသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

စစ်တပ်က ပြဌာန်းခဲ့သော ၂၀၀၈ အခြေခံဥပဒေနှင့်အညီ အာဏာသိမ်းခြင်းဖြစ်သည်ဟု တွင်တွင်အော်နေသည့် စစ်ခေါင်းဆောင်က ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဆက်ပြောသည်။

 

“လူတိုင်းလူတိုင်း ဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်သည်” ဟု ဥပဒေမဲ့ ရွေးကောက်ပွဲနိုင် နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတတို့ကို ဖြုတ်ချခဲ့သူ စစ်ကောင်စီခေါင်းဆောင်က ပြောသည်။

 

ယမန်နေ့ ဧပြီ ၂၉ ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်တွင် ဥပဒေပညာပြန့်ပွားရေး သင်တန်းကျောင်း(Legal Advocacy Center-LAC)ဖွင့်ပွဲ၌ ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ အာဏာသိမ်းခဲ့သည့်နိုင်ငံတိုင်း အခြေခံဥပဒေကို ဖြုတ်သိမ်းကာ အရေးပေါ် Martial Law များဖြင့်သာ အာဏာသိမ်းကြခြင်းဖြစ်သော်လည်း မြန်မာစစ်ကောင်စီကောင်စီမှာမူ စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကိုသာ လိုရာဆွဲကိုင်ပြီး အာဏာသိမ်းခဲ့သည့်အပြင် ယခုအချိန်ထိလည်း ဆွဲကိုင်ထားဆဲဖြစ်သည်။

 

၂၀၀၈ ခုနှစ် အခြေခံဥပဒေပုဒ်မ ၄၀(ဂ)တွင် နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသည့်အဓမ္မနည်းဖြင့်ရယူရန် ကြိုးစားလာပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဟု ပြဌာန်းထားသည်။

 

သို့သော် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွင်း ဆူပူမှုဖြစ်စေရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က လှုံ့ဆော်မှုများရှိခဲ့မျှလွဲ၍ မည်သည့်ဆူပူမျှ နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ပေ။

 

ထိုသို့ ၂၀၂၁ ခုနှစ်အတွင်း ဆူပူသောင်းကျမ်းမှုနှင့် အကြမ်းဖက်မှုများမရှိခဲ့သည့်ကြားမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲနိုင် NLD ပါတီက မဲလိမ်၊ မဲခိုးသည်ဟုဆိုသည့် တစ်ဖက်သတ်အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သည်။

 

ထို့ပြင် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအခန်း ပုဒ်မ ၄၁၀ အရ နိုင်ငံအတွင်း အစိုးရက မထိန်းချုပ်နိုင်သည့်နေရာရှိပါက ကာ/လုံထံမှတစ်ဆင့် စစ်တပ်သို့ အာဏာအပ်နှင်း၍ရသည်ဟု ပြဌာန်းထားသော်လည်း ထိုအချိန်က မည်သည့်နေရာတွင်မျှ မထိန်းချုပ်နိုင်သည့်နေရာဒေသမရှိခဲ့ပေ။

 

 

အခြေခံဥပဒေအရ ကာ/လုံတွင် စစ်တပ်ကို အာဏာအပ်နှင်းခွင့်ရှိသည့်တစ်ဦးတည်းသောသူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို မခေါ်ယူခဲ့ဘဲ စစ်ကောင်စီအာဏာရယူချိန်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဒုတိယ သမ္မတ ၁ ဦးမြင့်ဆွေထံမှ  ဥပဒေနှင့်မညီဘဲ လွှဲယူခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် လွှတ်တော်ကသာ ဒုတိယ သမ္မတမှ သမ္မတရာထူးသို့ ဆုံးဖြတ်ရာထူးတိုးပေးပိုင်ခွင့်ရှိသော်လည်း နောက်ပိုင်းတွင် ဦးမြင့်ဆွေကို စစ်ကောင်စီက သမ္မတဟုသုံးခဲ့ခြင်းသည်လည်း တရားမဝင်သကဲ့သို့ အခြေခံဥပဒေနှင့်လည်းမညီခဲ့ပေ။

 

အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံ့တာဝန်ကို ကာကွယ်ရေးဦးစီးချုပ်က ယာယီရယူခွင့်ရှိသော်လည်း ပုဒ်မ ၄၁၀ ၏ လိုအပ်ချက်များနှင့် မကိုက်ညီဘဲ ပုဒ်မ ၄၁၇ ကို အသုံးပြု၍မရပေ။ ထို့ကြောင့် စစ်တပ်အာဏာသိမ်းမှုမှာ ဥပဒေနှင့်မညီခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – MOI