အရာတော်မှာ စစ်အုပ်စု ပစ်ခတ်မှုကြောင့် အလှူကျင်းပနေတဲ့ ရွာက ပညာရေးဝန်ထမ်းတစ်ဦး သေဆုံးပြီး လူငယ် ၂ ဦး ဖမ်းဆီးခံရ

Author CJ Platform
Categories
Published on Mar 30, 2026

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် ဒီကနေ့ မတ် ၃၀ ရက် မနက်ပိုင်းမှာ ဒေသခံအမျိုးသား ၁ ဦး သေဆုံးပြီး လူငယ် ၂ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒီကနေ့ မတ် ၃၀ ရက် မနက် ၃ နာရီခွဲခန့်မှာ အရာတော်မြို့ပေါ်ကနေ အနောက်ဘက်ကို ထွက်ခွာလာတဲ့ အင်အား ၇၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းဟာ မြို့အနောက်ဘက် ၅ မိုင်ခန့် ကွာဝေးတဲ့ အမြောက်တပ် (၃၆၉) ကို ဦးတည်ကာ လမ်းကြောင်းပေါ်ရှိ ကမ်းပြူရွာနဲ့ မနောယမရွာတစ်ဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာရင်း အခုလို ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

“စစ်ကြောင်းကို အနီးကပ်မြင်လို့ ထွက်ပြေးတဲ့အချိန်မှာ သေနတ်နဲ့ ၂ ချက် ပစ်ခံရတာလို့ သိရတယ်။ ရွာရဲ့ အရှေ့မြောက်ဘက်မှာ အလှူမဏ္ဍပ်ရှိတာ၊ စစ်ကြောင်းဝင်လာတဲ့ဘက်နဲ့ နီးနီးကပ်ကပ်ပဲ။ လက်ရှိတော့ အမြောက်တပ်ထဲကို ဝင်သွားပါပြီ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကြောင်း ဝင်ရောက်လာစဉ် ကျေးရွာအတွင်းက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ကြရာ စစ်အုပ်စုတပ်သားတွေက လိုက်လံပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ကိုလွင်ထူးဖြစ်ပြီး သူဟာ အာဏာမသိမ်းခင် ကျောင်းဖွင့်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပညာရေးဝန်ထမ်းဟောင်း (ကျောင်းဆရာ) တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စု စစ်ကြောင်းဟာ ဒေသခံ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီကနေ့ နေ့လယ် ၁ နာရီခန့်အထိကတော့ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

 

ကမ်းပြူကျေးရွာမှာ မနေ့ညကစတင်ကာ ရွာဓလေ့အရ ဘုရားပင့်လှည့်လည်တာနဲ့ အလှူပွဲ စတင်ကျင်းပခဲ့ပြီး၊ ဒီကနေ့ဟာ အလှူနေ့အဖြစ် ထမင်းကျွေးမွေးမယ့် ရက်ဖြစ်ပေမယ့် စစ်ကြောင်းဝင်ရောက်လာမှုကြောင့် အလှူပွဲအစား ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ တိတ်ဆိတ်သွားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

“လက်ရှိတော့ အဝေးကနေ ဘာသံမှကို မကြားဘဲ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။ တိမ်းရှောင် ထွက်ပြေးနေကြ၊ ဝရုန်းသုန်းကား ဖြစ်နေတယ်ဗျ။ ဒီနေ့ကတော့ နာရေးနဲ့ အလှူ ဘာတွေ ဘယ်လို ဖြစ်ကြမယ် မသိဘူး” လို့ ကမ်းပြူကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အရာတော်မြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်တာတွေအပြင် အခုဖြစ်စဉ် ဖြစ်ပွားရာ ၇ မိုင်အကွာမှာရှိတဲ့ ကျေးရွာတစ်ခုမှာ ဒီကနေ့ မွန်းလွဲပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေတွေကို မသိရသေးဘူးလို့ ဆက်လက်ပြောပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news