တရုတ်နဲ့ ရုရှားက စစ်အုပ်စုရွေးကောက်ပွဲကို ကူညီနေတာဟာ အာဆီယံမူဝါဒကို ထိခိုက်စေတယ်လို့ APHR ထုတ်ပြန်


စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ တရုတ်နဲ့ ရုရှားက ပါဝင်ကူညီထောက်ပံ့ပေးနေတာဟာ အာဆီယံက ချမှတ်ထားတဲ့ အခြေခံမူဝါဒကို ထိခိုက်စေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်များအဖွဲ့ (APHR) က ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

အာဆီယံနိုင်ငံ ဒေသတွင်းပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံအခြေခံမူဝါဒအတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ပြဿနာတွေကို ဖြေရှင်းရာမှာ ပြင်ပနိုင်ငံတွေရဲ့ လွှမ်းမိုးမှုမပါဘဲ ဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေက ပူးပေါင်းအဖြေရှာရမယ်ဆိုတဲ့ မူဝါဒချမှတ်ထားပြီး အာဆီယံပြင်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့လုပ်ရပ်ဟာ အာဆီယံမူဘောင်ကို ထိခိုက်စေတယ်လို့ APHR က ပြောဆိုခဲ့တာပါ။

 

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို တရုတ်နဲ့ ရုရှားတို့က နည်းပညာအကူအညီပေးမှုတွေအပြင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုပါ စေလွှတ်ခဲ့သလို စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) ဟာ လွတ်လပ်ပြီး အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

 

ရွေးကောက်ပွဲ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ သဘောတူညီမှုကိုရယူခဲ့ရတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ပြောဆိုခဲ့သလို ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ကလည်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ အကူအညီပေးဖို့ အသင့်ရှိနေသလို ဝေဖန်တိုက်ခိုက်မှုတွေကြားက ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာကြောင့် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။

 

စစ်အုပ်စုဟာ ရွေးကောက်ပွဲကနေတဆင့် တရားဝင်မှုကိုရရှိဖို့ မျှော်လင့်နေပြီး အတုအယောင် ဒီမိုကရေစီကို ဖော်ဆောင်ကာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ စစ်ရေးဆိုင်ရာ အထောက်အပံ့တွေ၊ စီးပွားရေးဆိုင်ရာအကူအညီတွေကို ရရှိနိုင်ဖို့ ကြိုးစားနေတာသာဖြစ်တယ်လို့ APHR က ဆိုပါတယ်။

 

စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အာဆီယံဒေသတွင်း လူမှုအဖွဲ့အစည်းရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံရေးကို ထိခိုက်စေသလို လူကုန်ကူးမှု၊ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးလိမ်လည်မှုနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ APHR က ပြောဆိုထားပါတယ်။

 

အာဆီယံ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်အုပ်စု ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ပယ်ချဖို့နဲ့ အကြမ်းဖက်ကျူးလွန်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် ဖိအားပေးမှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။

 

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှုကင်းမဲ့နေပြီး မဲလာရောက်ပေးသူတွေဟာ အကြောက်တရားတွေ လွှမ်းမိုးနေသလို ၂၀၂၀ ခုနှစ် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထားပြီးမှ ကျင်းပတဲ့ စစ်အုပ်စု စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် အသိအမှတ်မပြုသလို ကန့်ကွက်ရှုတ်ချတယ်လို့လည်း APHR က ပြောထားပါတယ်။

 

ဓာတ်ပုံ – APHR/EPA-EFF