စစ်အုပ်စုရဲ့နေအိမ်မီးရှို့ဖျက်ဆီးတာခံရတဲ့ ချောင်းဦးဒေသခံတွေအဖို့ နင်းမိုင်းတွေကြောင့်ပါ အသက်အန္တရာယ်စိုးရိမ်နေရ

Author CJ Platform
Categories
Published on Dec 30, 2025

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်းက ဒေသခံတွေအဖို့ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကို တွေ့ကြုံခဲ့ရတဲ့အပြင် ၊ စစ်အုပ်စုရဲ့ နင်းမိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်မှုများပါ ကြုံတွေ့နေရတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။

 

စစ်အုပ်စုက ချောင်းဦးမြို့နယ် ၊ ကျီကုန်းကျေးရွာအတွင်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ဒေသခံနေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာအတွင်း နင်းမိုင်းအမြောက်အများထောင်ထားခဲ့တယ်လို့ သိရပါတယ်။

 

“ နေရာအနှံ့ကို ထောင်ထားခဲ့တာ ၊ တချို့အိမ်တွေထဲပါ ထောင်ထားခဲ့တယ် ၊ ကျီကုန်းက အရှေ့ရွာနဲ့ အနောက် ရွာ ( ရွာသစ် ) ဆိုပြီး ရှိတာ ရွာကအတော်ကျယ်တယ် ၊၊ အနှံ့ပါပဲ ထောင်ထားခဲ့တာ နှစ်ရွာလုံး” လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ နွေဦးရောင်နီ သတင်းအမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်အုပ်စုက ကျီကုန်းကျေးရွာအတွင်းမှာ အများပြည်သူသွားအလာများတဲ့ လမ်းတွေနဲ့ နေအိမ်တွေအတွင်း နင်းမိုင်းတွေကို ထောင်ထားခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ကလည်း ဒေသခံတစ်ဦး နင်းမိုင်းနင်းမိတာကြောင့် အပြင်းအထန်ဒဏ်ရာရှိခဲ့သလို ၊ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ဒေသခံတစ်ဦး ဆိုင်ကယ်ဖြင့် မိုင်းနင်းမိခဲ့ကာ လူထိခိုက်မှုမရှိခဲ့ပေမယ့် ဆိုင်ကယ်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

 

တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း ဒေသတွင်းမှာ ကျန်ရှိနေတဲ့ မိုင်းတွေကို အတတ်နိုင်ဆုံး ရှင်းလင်းမှုတွေ လုပ်ဆောင်ပေးနေပေမယ့် အပြည့်အဝအန္တရာယ်ကင်းစင်ခြင်းမရှိသေးတာကြောင့် တော်လှန်ရေးအဖွဲ့တွေရဲ့ သတိပေးချက်ကို စောင့်ကြည့်ဖို့ မေတ္တာရပ်ခံထားပါတယ်။

 

ကျီကုန်းကျေးရွာဟာ မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်မှာ တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ကျော် ရှိကာ စည်ကားတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။ စစ်အုပ်စုက ကျီကုန်းရွာကို ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ အထိတပ်ဆွဲစီးနင်းကာ ကျေးရွာအတွင်းက နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူသုံးဦးနဲ့ ရဟန်းတစ်ပါးကို သတ်ဖြတ်ခဲ့ပါတယ်။

 

စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကျီကုန်းကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ကျေးရွာအတွင်း အခြေတကျ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

 

မြန်မာ စစ်ရေးပဋိပက္ခအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူဟာ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်ကာလ လေးနှစ်အတွင်း ၃၇၀၆ ဦးအထိရှိခဲ့တယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၂၅ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါဟာ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေပဲဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့