စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲလို့ ဗုံးထိမှန်သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းပင် မရ

Author CJ Platform
Categories
Published on Jun 30, 2025

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ ပြည်စိုးအောင် ရပ်ကွက်ကို ယမန်နေ့ ဇွန်လ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ ဒေသခံ အမျိုးသမီးတစ်ဦး ဗုံးထိမှန် သေဆုံးပြီး ရုပ်အလောင်းရှာမရသည်အထိ ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီက ယမန်နေ့ မနက်ပိုင်း ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး လူနေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်ခံရတာ ဟုတ်ပါတယ်။ အသက် ၄၀ ခန့် ဒေါ်ခင်မျိုးဆန်း ထိမှန်သေဆုံးသွားခဲ့တာပါ။ ရုပ်အလောင်း မကျန်ရှိခဲ့တော့ဘဲ အရိုးနဲ့ အသားစ တွေသာ ကျန်ခဲ့တာ” လို့ စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီက လက်ပန်လှကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဈေးအနီး ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၃၀ ခန့် သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

 

စဉ့်ကူးမြို့နယ်ကို ၂၀၂၄ ခုနှစ် နှစ်အလယ်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်လေ့ရှိနေပါတယ်။

 

စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်မှာ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ရန်အတွက် ဇွန်လကုန်ထိ အပစ်ခတ်ရပ်စဲရေး ကြေညာထားပေမဲ့ နိုင်ငံတဝန်းလုံးမှာ အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ အရပ်ဖက်အဖွဲ့စည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။

 

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြုစုထားတဲ့ အချက်လက်တွေအရ ၂၀၂၅ မတ်လ ၂၈ ရက်ကနေ ဇွန်လ ၂၀ ရက်အထိ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၆၂၂ ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်း ၅၀၁ ဦး သေဆုံးကာ ၁၀၅၇ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့