ရခိုင်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဆေးကုသဖို့အတွက် အကူအညီတွေ လိုအပ်နေသေး

Author CJ Platform
Categories
Published on Apr 30, 2025

ရခိုင်ပြည်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဆေးကုသဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူတွေဟာ လိုအပ်တဲ့ အကူအညီတွေ မရရှိတဲ့အတွက် ဆေးကုသဖို့ ငွေကြေးအခက်အခဲတို့ကြောင့် အကူအညီတွေ လိုအပ်နေသေးတာဖြစ်ပါတယ်။

 

“မိုင်းနင်းတဲ့သူတွေအတွက်ဆိုပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မှ ကူညီထောက်ပံ့ပေးတာမရှိဘူး။ ကိုယ်မှာရှိတဲ့ ပိုက်ဆံတွေနဲ့ ဆေးကုသနေရတယ်။ နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်လည်း မရှိဘူး။ မိသားစု စားဝတ်နေရေးတောင် မနည်းဖြေရှင်းရတဲ့အချိန်မှာ ဆေးရုံ၊ ဆေးခန်းတက်ဖို့ ပိုက်ဆံမတက်နိုင်ဘူး”လို့ တောင်ကုတ်မြို့နယ်က မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီမြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ အများစုမှာ ငွေကြေးခက်ခဲတဲ့အတွက် အများစုဟာ ဆေးဝါးကုသရာမှာ လုံလောက်စွာ ဆေးကုသမှု မရရှိကြဘူးလို့ သိရပါတယ်။

 

” ဆေးရုံတခါတက်ရရင် နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်နဲ့တင် ဆေးဖိုးထက် ကုန်ကျစရိတ်က ပိုများနေတယ်။ အဲလိုအခြေအနေမျိုးမှာ ဆေးကုသမှု လုံလုံလောက်လောက် မပေးနိုင်ဘူး။ ဆေးကလည်း စျေးကြီးတယ်။ တချို့ကျတော့ ဆေးရုံမသွားနိုင်တဲ့သူတွေဆို ရွာမှာအဆင်ပြေသလို ဆေးကုသနေကြပါတယ်”လို့ မောင်တောမြို့နယ်က မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူမိသားစုတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ တစ်ပတ်တွင်း လူ ၃ ဦးထက်မနည်းဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး အများစုမှာ ခြေတွေ၊ လက်တွေ ဆုံးရှုံးခဲ့ရသလို တစ်လတွင်း လူတစ်ဦးနဲ့အထက်ဟာ မြေမြှုပ်မိုင်းကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

“တိုက်ပွဲကြောင့် တိမ်းရှောင်နေကြတဲ့ ပြည်သူတွေ နေရပ်ပြန်လာကြတဲ့ခါ အများစု ကြုံတွေ့နေရတဲ့ မိုင်းပြဿနာပါ။ ဒါက စစ်ပွဲတွင်း ကြုံတွေ့နေရတဲ့အရာဖြစ်တယ်ဆိုပေမယ့် တစ်ပတ်မှာ လူ ၃ယောက်လောက်က မိုင်းကြောင်း ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးရတယ်။ တစ်လမှာ လူတစ်ဦးနဲ့အထက် အသက်ဆုံးရှုံးရတယ်။ အဲအရေအတွက်ကိုကြည့်မယ်ဆိုရင် နည်းတဲ့ပမဏာ မဟုတ်ဘူးပေါ့နော်။ ပြည်သူတွေအတွက် ဦးစားပေးဖြေရှင်းရတဲ့ထဲမှာ မိုင်းအန္တရာယ်လည်းပါတယ်။”လို့ သံတွဲမြို့နယ်က လူမှုတက်ကြွလှုပ်သူအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြည်သူတွေဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေးအတွက် ထိန်းချုပ်နယ်မြေမှာ AA က စက်ကျန်ပစ္စည်းနဲ့ မိုင်းတွေကို ရှင်းလင်းဆောင်ရွက်ပေးနေသလို မိုင်းအန္တရာယ်အသိပညာ ဟောပြောပွဲတွေ ဆိုင်းဘုတ်တွေ စိုက်ထူပေးနေတယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေမှာ တောက်လျောက် မိုင်းရှင်းလင်းရေး လုပ်နေပါတယ်။ အများပြည်သူတွေ မြင်တွေ့ရမယ့်နေရာတွေမှာဆိုလည်း မိုင်းအန္တရာယ်အသိပေး ဆိုင်းဘုတ်တွေကို စိုက်ထူပေးပါတယ်။ ဟောပြော ပွဲ လုပ်ပေးတယ်။ ကျွန်တော်တို့ စကစ တပ်စွဲတဲ့နေရာတွေ၊ စခန်းတွေဆို  အတက်နိုင်ဆုံး ဦးစားပေး မိုင်းရှင်းပေးနိုင်ပေမယ့် တချို့ကျတော့ လုံးဝ မထင်မှတ်ထားတဲ့ နေရာတွေ ဥပမာ ပြည်သူခြံဝန်း၊ တောတောင်တွေ စတဲ့နေရာမှာ မိုင်းတွေ ထောင်ထားကြတယ်။ ဒါကို အရပ်သားတွေမိုင်းနင်းမှ သိရတယ် “လို့ မြောက်ဦးမြို့နယ်က AA နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရခိုင်ပြည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့မြို့တွေကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး ကျန်တဲ့ ၁၅ မြို့နယ်ကို AA ထိန်းချုပ်ထားပါတယ်။

 

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာလည်း ဆေးဝါးကုသဖို့ ခက်ခဲမှုတွေ ရှိနေပြီး ဆေးဝါးဝယ်ယူမရရှိတာကြောင့် အသက်ဆုံးပါးရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ရာ တောင်ကုတ်မြို့ခံ CJ Platform ရဲ့ Citizen Journalist တစ်ဦးဟာ စစ်ဘေးတိမ်းရှောင်ရင်း ကျန်းမာရေးချို့တဲ့စဉ် အချိန်မီ ဆေးဝါးဝယ်ယူမရရှိတဲ့အတွက် အသက်ဆုံးပါးခဲ့ရဖူးပါတယ်။

 

စစ်ကောင်စီတပ်က ငလျင်သင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဧပြီလ ၃၀ ရက်နေ့ထိ ကြေညာထားပေမယ့် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်