စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် ဟားခါးမှာ ကုန်စျေးနှုန်း သုံးပုံတစ်ပုံထိ မြင့်တက်လာ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် မြို့တော် ဟားခါးမှာ ကုန်စျေးနှုန်းတွေ သုံးပုံတစ်ပုံအထိ မြင့်တက်လာနေတာကြောင့် ပြည်သူတွေတွေဟာ နေ့စဥ် အထွေထွေကြပ်တည်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်နဲ့ ဒေသတွင်း အလုပ်အကိုင် ရှားပါးလာတာတွေကြောင့် ပြည်သူတွေဟာ မိသားစုစားဝတ်နေရေးအပြင် အထွေထွေကြပ်တည်းမှုတို့နဲ့ ရင်ဆိုင်ကြုံတွေ့နေ ကြရတာ ဖြစ်ပါတယ်။
“နိုင်ငံရေးမကောင်းတော့ အလုပ်အကိုင်တွေလည်း ရှားပါးလာတယ်။ ကြုံရာ အလုပ်လုပ်မယ်ဆိုတော့လည်း လုပ်စရာ အလုပ်တွေမရှိဘူး။ အရင်တုန်းက မြို့ထဲမှာ ကုန်တင် ကုန်ချ၊ နေ့စား စတဲ့အလုပ်တွေ လုပ်လို့ရသေးတယ်။ အခုနောက်ပိုင်းမှာ ဘာအလုပ်မှ မရှိတော့ပါဘူး။ ကုန်စျေးနှုန်းတွေလည်း နေ့စဥ် တစ်နေ့တခြား ပိုမိုမြင့်တက်လာနေတယ်။”လို့ အသက် ၃၀ နှစ်အရွယ် ဟားခါးမြို့ခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အလုပ်အကိုင်ရှားပါးမှုကြောင့် နေ့စဥ်ပုံမှန်ဝင်ငွေမရှိတဲ့အတွက် မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကိစ္စရပ်တွေ ဖြေရှင်းရာမှာ အထွေထွေကြပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဟားခါးမြို့မှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“ကျွန်တော်တို့က မိသားစုအလိုက် ဟားခါးမြို့မှာ ပြောင်းနေတာဆိုတော့ လစဥ် အိမ်ခပေးရတယ်။ ပြီးတော့ ကိုယ်မြို့မဟုတ်တော့ လွတ်လွတ်လပ်လပ် သွားလာလို့ အဆင်မပြေသလို ကြုံရာအလုပ်လုပ်မယ်ဆိုတော့လည်း သူ့အချိတ်ဆက်နဲ့မှ အလုပ်က ရတာဖြစ်တယ်။ ကြားထဲမှာ ကလေးတွေ နေမကောင်းဖြစ်တာ သာရေး၊ နာရေး ကိစ္စတွေ ဆောင်ရွက်တဲ့ခါမျိုး အရမ်းကြပ်တည်းတယ်။ အခုကုန်စည်နှုန်းနဲ့ ဝင်ငွေ ထမင်းကိုမနည်း နပ်မှန်စားရတဲ့အခြေအနေပါ။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့မိသားစုဝင်တွေရှိတဲ့သူတွေဆို နည်းနည်း အဆင်ပြေတယ်”လို့ အသက် ၄၀ နှစ်အရွယ် မတူပီစစ်ဘေးရှောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဟားခါးမြို့မှာ မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ ကန်ပက်လက်၊ ထန်တလန်၊ တွန်းဇံ၊ တီးတိန်၊ ဖလမ်း စတဲ့မြို့နယ်တွေက တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် နှစ်သောင်းနီးပါး နေထိုင်ကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကုန်စည်သယ်ယူခွင့် ကန့်သတ်မှုနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဟားခါးမြို့မှာ ကုန်ပစ္စည်းတွေ မရောက်လာနိုင်တဲ့အတွက် ကုန်စျေးနှုတွေဟာ တစ်နေ့တခြား ပိုမိုမြင့်တက်လာတာဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
“အရင် ဖလမ်းမြို့သိမ်း တိုက်ပွဲတုန်းကဆို ယာဥ်လမ်းတွေ ပိတ်ထားတယ်။ ကုန်သည်တွေလည်း တိုက်ပွဲဖြစ်တော့ မသွားရဲကြဘူး။ အဲလမ်းကို မောင်းဖို့ ကားသမားတွေမရှိဘူး ရှားလာတယ်။ တစ်ဖက်မှာလည်း ကလေးမြို့ကနေ ဟားခါးကို လိုသလောက် ကုန်စည်သယ်ယူခွင့်မရဘူး။ စစ်ကောင်စီဂိတ်က ကန့်သတ်ထားတယ်။ အထူးသဖြင့် စားသောက်ကုန်တွေပါ။ ချင်းတောင်မှာ တိုက်ပွဲဖြစ်ရင် ပိုတင်းကြပ်ထားတယ်။ စစ်ကောင်စီက အဲလိုတွေ လုပ်လာတာ တစ်နှစ်ကျော်ပါပြီ။ ဒါကြောင့် ချင်းတောင်မှာ ကုန်စျေးနှုန်းတွေ မြင့်တက်ရတာဖြစ်ပါတယ်။”ဟားခါးမြို့ခံ ကုန်သည်တစ်ဦးက CJ Platfotm ကို ပြောပါတယ်။
ကလေးမြို့မှာ စစ်ကောင်စီတပ်က အခုရက်ပိုင်း မြို့အဝင်အထွက်လမ်းတချို့ကို မြေတူးစက်နဲ့ဖျက်ဆီးပြီး ဂိတ်တွေမှာလည်း တင်းကြပ်ထားတဲ့အတွက် ကလေးမြို့မှာ ကုန်စည်တချို့ ပြတ်လပ်နေတာကြောင့် ဟားခါးမြို့မှာလည်း ကုန်စည်တွေ ပြတ်လပ်ပြီး ကုန်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ဇန်နဝါရီလက ဟားခါးမြို့ ကုန်စျေးနှုန်းမှာ ဆန်ကြမ်း ၁ အိတ် ၁၁၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်၊ ကြက်ဥ ၁လုံး ၅၀၀ ကျပ်မှ ၆၀၀ ကျပ်၊ အိုင်အိုဒင်းဆား ၁ ထုတ် ၃,၂၀၀ ကျပ်၊ ဟင်းချိုမှုန့် အထုတ်ကြီး ၁ ထုတ် ၈,၅၀၀ ကျပ်၊ ခရမ်းချည်သီး အကြီး ၁ လုံး ၈၀၀ ကျပ်၊ ကြက်သွန်ဖြူ အကြီး ၁ လုံး ၉၀၀ ကျပ်၊ ကြက် ၁ ကောင် ၂၅,၀၀၀ ကျပ်၊ ဆီ ၁ လီတာ ၈,၅၀၀ ကျပ်၊ အမဲသား ၁၅,၀၀၀ ကျပ်၊ ငါး ၁ ပိဿ ၂၄,၀၀၀ ကျပ်၊ အာလူး ၁ ပိဿ ၇,၀၀၀ ကျပ်နဲ့ ငှက်ပျောဖီးကြမ်း ၁လုံး ၅၀၀ ကျပ်တို့ဖြစ်ပါတယ်။
လက်ရှိ ဟားခါးမြို့ ကုန်စျေးနှုန်းတွေဟာ ဆန်ကြမ်း ၁ အိတ် ၁၅၀,၀၀၀ ကျပ်၊ ကြက်ဥ ၁ လုံး ၇၀၀ ကျပ်၊ အိုင်အိုဒင်းဆား ၁ ထုတ် ၃,၅၀၀ ကျပ်၊ ဟင်းချိုမှုန့်အထုတ်ကြီး ၁ ထုတ် ၉,၀၀၀ ကျပ်၊ ခရမ်းချည်သီး အကြီး ၁လုံး ၁,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ အကြီး ၁လုံး ၁,၀၀၀ ကျပ်၊ ကြက် ၁ ကောင် ၃၀,၀၀၀ ကျပ်၊ ဆီ ၁ လီတာ ၁၀,၀၀၀ ကျပ်၊ အမဲသား ၁ ပိဿ ၁၈,၀၀၀ ကျပ်၊ ငါး ၁ ပိဿ ၂၈,၀၀၀ ကျပ်၊ အာလူး ၁ ပိဿ ၉,၀၀၀ ကျပ်နဲ့ ငှက်ပျောသီး ဖီးကြမ်း ၃ လုံး ၂,၀၀၀ ကျပ်အထိ စျေးနှုန်းတွေ မြင့်တက်နေခဲ့ပါတယ်။
ဟားခါးမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလကတည်းကနေ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတို့ ဖြတ်ထားသလို လျှပ်စစ်မီးဖြတ်တောက်ခံထားရတာလဲ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
ပုံစာ – ဟားခါးမြို့တွင်း တစ်နေရာကို မြင်ရပုံ (ပုံဟောင်း)