ရခိုင်ပြည် မြို့သုံးမြို့က စစ်ရှောင်တွေ စားဝတ်နေရေး အခက်တွေ့
ရခိုင်ပြည်ရှိ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က စစ်ဘေးရှောင်တွေဟာ ဒီဇင်ဘာ ဆောင်းရာသီကာလ ရောက်ရှိလာပြီ ဖြစ်တာကြောင့် လက်ရှိမှာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေပြီး အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ရခိုင်က တချို့မြို့နယ်တွေမှာ ထောက်ပံ့ကူညီမှု တချို့ရရှိနေပေမဲ့ အခု မြို့သုံးမြို့မှာတော့ လာရောက်ကူညီသူမရှိဘူးလို့ သိရပါတယ်။
“သာမန် စစ်မရှောင်ရတဲ့ လူတွေတောင် စားဝတ်နေရေး မလွယ်ကူတော့ စစ်ဘေးရှောင်တွေဆို ထမင်းငတ်ကြတယ်။ တောင်းစားနေကြသူတွေပါ များလာတယ်” ဘူးသီးတောင်မြို့မှာ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
လူမှုအဖွဲ့အစည်းတွေအနေနဲ့ အခုအခက်အခဲတွေကို ရာနှုန်းပြည့် မကူညီနိုင်သေးဘဲ ဒေသတွင်းက တတ်နိုင်သူတွေဆီက အလှူခံပြီး ကူညီမှု အနည်းငယ်သာ လုပ်နိုင်ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
အခုအခါ ဆောင်းရာသီဝင်ရောက်လာပြီဖြစ်လို့ စစ်ဘေးရှောင်တွေမှာ စောင်နဲ့ အနွေးထည်တွေ မပါလာတဲ့အတွက် အအေးဒဏ်ကို ခံစားနေရတယ်လို့လည်း ဆိုပါတယ်။
လက်ရှိဒေသတွင်းမှာ စောင်တစ်ထည်ကို အနည်းဆုံး ငါးသောင်းကျပ်ကနေ တစ်သိန်းကျပ်ထိ စျေးပေါက်နေတာကြောင့် မဝယ်ယူနိုင်ဘဲ ဖြစ်နေကြပါတယ်။
“NGO တွေနဲ့ အခြားအဖွဲ့အစည်းတွေက အခုကာလမှာ လုံးဝလှူဒါန်းခြင်း မရှိဘူး။ ကျွန်တော်တို့ မြို့ကို ဘယ်သူမှ ကူညီပေးနေတာမျိုးမရှိသေးတော့ စစ်ဘေးရှောင်တွေ အရမ်းကို ခက်ခဲနေပါတယ်။ မဟုတ်ရင် ဒီဆောင်းကို ဖြတ်ကျော်နိုင်ဖို့မလွယ်ပါဘူး”လို့ ရသေ့တောင်မြို့က လူမှုရေးလှုပ်ရှားသူ တစ်ဦးကလည်း ပြောပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်ကို စစ်ကောင်စီက အဘက်ဘက်က ပိတ်ဆို့ထားပြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (NGO/INGO) တွေကို လာရောက်လှူဒါန်းခွင့် ကန့်သတ်ပိတ်ပင်မှုတွေ ရှိနေပါတယ်။
NGO/INGO တွေအနေနဲ့ စစ်ဘေးရှောင်တွေကို အမှန်တကယ် ကူညီလိုပါက အာရက္ခတပ်တော် (AA )ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေကနေတစ်ဆင့် ချိတ်ဆက်ကူညီသင့်တယ်လို့ ရခိုင်စစ်ဘေးရှောင်တွေအရေး ကူညီဆောင်ရွက်နေသူ ဝေဟင်အောင်က ပြောပါတယ်။
“စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကြည့်ပြီးအလုပ်လုပ်နေတဲ့ အဖွဲ့အစည်းဆိုရင် စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားရမယ်။ သက်ဆိုင်ရာ အစိုးရရဲ့ မျက်နှာကို ကြည့်နေစရာမလိုဘူး”လို့ သူက ပြောပါတယ်။
ရခိုင်ပြည်တဝန်း စစ်ဘေးရှောင်ဦးရေ ငါးသိန်းခွဲကျော်ရှိပြီး ဘူးသီးတောင်မှာ ၇၂,၃၇၉ ဦး၊ မောင်တောမှာ ၄၅,၉၅၀ ဦးနဲ့ ရသေ့တောင်မှာ ၃၈,၂၇၂ ဦး ရှိတယ်လို့ ULA/AA က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်တဝန်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲဟာ ပိုမိုကျယ်ပြန့်လာတဲ့အတွက် စစ်ဘေးရှောင်သူဦးရေဟာလည်း တဖြည်းဖြည်း ပိုမိုများပြားလာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီစောင့်ရွက်ပေးနေသူတွေက CJ Platform ကို ပြောပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ရခိုင်ပြည်က စစ်ဘေးရှောင်တွေကို တွေ့ရစဉ်