ငလျင်အတွက် အလှူငွေတွေက ပြည်သူတွေကို ဗုံးကြဲဖို့လား (သို့) ငလျင်အပြီး နှစ်လအတွင်းမှာ စစ်ကောင်စီ ဘာလုပ်ခဲ့လဲ

နိဒါန်း
၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့တွင် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အနီးကို ဗဟိုပြုကာ ပြင်းအား ရစ်(ခ်)တာစကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ယင်းငလျင်သည် မြန်မာနိုင်ငံသမိုင်းတွင် နှစ်ပေါင်း (၁၈၆) နှစ်အတွင်း အဆိုးဝါးဆုံး ငလျင်လှုပ်ခတ်မှုဖြစ်သည်ဟု သမိုင်းမှတ်တမ်းစာရင်းဝင်ခဲ့သည်။ အင်အားပြင်း ငလျင်ကို စစ်ကောင်စီမှ မန္တလေးငလျင်ဟု အမည်ပေးပြီး ပြည်သူများကမူ စစ်ကိုင်းငလျင်ဟု ခေါ်ဆိုသည်။ ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ် အပါအဝင် နိုင်ငံ၏ နေရာ အနှံ့အပြားတွင် ထိခိုက်မှုများစွာ ရှိခဲ့သည်။
စစ်ကောင်စီသည် ထိုနေ့မှာပင် ငလျင်ဒဏ် ကြီးကြီးမားမားခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနှင့် ပဲခူးတိုင်းများက ငလျင်ဒဏ်သင့် ဒေသများကို အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးသည့်နောက်ပိုင်းတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာကို အကူအညီပေးဖို့ တရားဝင်တောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုပြီးသည့် နောက်မှစ၍ စစ်ကောင်စီအစိုးရအဖွဲ့သည် စစ်ကိုင်းငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာနှင့် ပိုမိုထိတွေ့ ဆက်ဆံဖို့ တောက်လျှောက်ကြိုးပမ်းခဲ့သည်ကိုလည်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာများ၏ ဖော်ပြချက်များ အရ လေ့လာတွေ့ရှိရသည်။
အပိုင်း(၁)
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု
အင်အားကြီး ငလျင်ကြောင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀)ခုတွင် ရပ်ကွက် (၃၇၄)ခု၊ ကျေးရွာအုပ်စု (၉၄၄)စု၊ ကျေးရွာ (၂,၀၈၁)ရွာမှ အိမ်ထောင်စု (၁၆၂,၁၆၇)စု၊ လူဦးရေ စုစုပေါင်း (၅၀၆,၀၆၉)ဦး ဘေးသင့်ခဲ့ပြီး သေဆုံးသူ (၃,၇၃၉)ဦးရှိကာ ပျောက်ဆုံးသူ (၆၈)ဦးနှင့် ဒဏ်ရာရရှိသူ (၅,၁၀၄) ဦး ရှိကြောင်း စစ်ကောင်စီက မေလ (၂၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ် (၅၁,၂၁၀)လုံး၊ လမ်းလုပ်ငန်း (၄၃၁)ခု၊ တံတား (၁၀၃)စင်း၊ ရထားလမ်းပျက်စီးနေရာ (၈၃)နေရာ၊ ရထားလမ်းတံတား (၁၁)စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း (၆၇၃၀)ခု၊ မဟာဓာတ်အားလိုင်း (၁၀)လိုင်း၊ ဓာတ်အားလိုင်းတိုင် (၃,၄၃၅)တိုင်၊ ဆည်မြောင်း (၅၉၄)ခု၊ တာတမံ (၆)ခု၊ ဌာနအဆောက်အဦ (၁၁,၃၃၈)လုံး၊ ဆေးရုံ (၃၈၄)ရုံ၊ ဆေးခန်း (၃၆၄)ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့် ပြတိုက် (၁၆၆)ခု၊ အခြေခံပညာကျောင်း (၂၄၀၉)ကျောင်း၊ အဆင့်မြင်ပညာကျောင်း (၇၂)ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း (၉၀)ကျောင်း၊ ဘုရားစေတီ (၆,၄၆၉)ဆူ၊ ဘုန်းကြီးကျောင်း၊သီလရှင်ကျောင်းနှင့် အခြားဘာသာရေး အဆောက်အဦ (၅,၅၈၈)ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ (၃၄၄)ခု၊ သီးနှံ (၇၈ ဒသမ ၅)ဧက၊ တိရစ္ဆာန် (၁၃၃,၇၀၀) ကောင် ထိခိုက်သေဆုံးခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ငွေကျပ် (၃,၈၀၄ ဒသမ ၅၄၉) ဘီလီယံထိ ရှိကြောင်း စစ်ကောင်စီက မေလ (၂၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖော်ပြပါ အချက်အလက်များသည် စစ်ကောင်စီ၏ ထုတ်ပြန်ချက်များကိုသာ ဖော်ပြထားခြင်း ဖြစ်ပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရမှု၊ သတင်းလွတ်လပ်ခွင့်နှင့် ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများကြောင့် မြေပြင်တွင် ယခုထက်ပိုမိုသည့် သေဆုံး ပျက်စီးမှုများ ရှိနေနိုင်သည်။
စစ်ကောင်စီထံ အလှူစီးဆင်းမှု
ငလျင်ကြီး အပြီးတွင် စစ်ကောင်စီသည် ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များ၏ အလှူငွေပေးအပ်ပွဲဆိုသည့် အလှူငွေပေးအပ်ပွဲကို နှစ်ကြိမ် ကျင်းပခဲ့သည်။
ဧပြီလ (၁)ရက်နေ့ ကျင်းပသည့် ပထမကြိမ် အလှူငွေပေးအပ်ပွဲတွင် အလှူငွေ ကျပ် (၁၁၂ ဒသမ ၈၇) ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး (၁၂ ဒသမ ၄ ဘီလီယံ) ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး မေလ (၂၉)ရက်နေ့တွင် ကျပ် (၁၃၁ ဒသမ ၅၃) ဘီလီယံနှင့် အမေရိကန်ဒေါ်လာ (၂,၃၁၄,၉၀၀) ကို ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။
ယင်းအလှူငွေများသည် စစ်ကောင်စီထံ တိုက်ရိုက်စီးဆင်းခဲ့သည့် အလှူငွေစာရင်းများသာ ဖြစ်ပြီး ပြည်သူများ အချင်းချင်း ကူညီပံ့ပိုးမှုများပါဝင် ခဲ့ခြင်း မရှိသည်ကို လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာနများတွင် ဖော်ပြထားချက်များအရ သိရသည်။
ငလျင်ကပ်ဘေးချိန် စစ်ကောင်စီ ဘာလုပ်နေခဲ့လဲ
စစ်ကောင်စီလက်အောက်ခံ သတင်းစာများ၏ မတ်လ (၂၈) ရက်နေ့မှ မေလ (၂၈) ရက်နေ့အထိ နှစ်လတာ ဖော်ပြချက်များကို လေ့လာချက်များအရ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငလျင်ကို အကြောင်းပြကာ (၂)လတာအတွင်းတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ မလေးရှား၊ နီပေါ၊ ထိုင်း စသည့် နိုင်ငံများနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သလို ထိုင်းနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ဘင်္ဂလားပင်လယ်အော် ဒေသဆိုင်ရာ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ၏ (၆)ကြိမ်မြောက် အစည်းအဝေးကို ဧပြီလ (၄) ရက်နေ့တွင် လူကိုယ်တိုင် တက်ရောက်ခွင့်ရသည်အထိ နိုင်ငံတကာနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သည်။
ထို့ပြင် ဧပြီလ (၁၇) ရက်နေ့တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာအန်ဝါ အီဘရာဟင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သီးသန့်တွေ့ဆုံကာ ငလျင်အတွက် ကူညီကယ်ဆယ်ရေးများ အပြင် မြန်မာ့အရေးအတွက် အာဆီယံနှင့် မြန်မာတို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မေလ (၉) ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့် စစ်ရေးပြအခမ်းအနားကိုလည်း စစ်ခေါင်းဆောင်သည် တက်ရောက်ခွင့်ရရှိခဲ့သလို အဆိုပါ အခမ်းအနားတက်ရောက်စဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သဖြင့် ခရီးစဉ်တစ်ခုတည်းမှာပင် စစ်ကောင်စီအတွက် အဓိက မဟာမိတ်ဖြစ်သည့် တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေးကောင်းများ တည်ဆောက် နိုင်ခဲ့သည်ကို တွေ့မြင်ရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်သည် နိုင်ငံတကာနှင့် ဆက်ဆံရေးကို အဓိကထား ဆောင်ရွက်နေသည်မှာ ငလျင်လှုပ်ခတ်ခဲ့သည့် နေ့မှ စတင်ကာ မေလ (၂၈)ရက်နေ့ထိ ငလျင်ဒဏ်သင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုမှာ (၃၇) ကြိမ်ရှိခဲ့သော်လည်း စစ်ဘက်ဆိုင်ရာ နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာများနှင့် တွေ့ဆုံမှုသည် (၁၅) ကြိမ်ရှိခဲ့ပြီး နိုင်ငံတကာ သံတမန်များ နိုင်ငံတကာ အစိုးရအဖွဲ့များနှင့် တွေ့ဆုံမှုသည် (၂၇) ကြိမ်ထိ ရှိခဲ့သည်။
စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ငလျင်ဒဏ်သင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုမှာ (၁၄) ကြိမ်ရှိခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ၎င်းတို့ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် တွေ့ဆုံမှုသည် အကြိမ် (၂၀) ရှိခဲ့ကာ နိုင်ငံတကာ သံတမန်များ နိုင်ငံတကာ အစိုးရအဖွဲ့များနှင့် တွေ့ဆုံမှုသည် (၆)ကြိမ်သာ ရှိခဲ့သည်။
ငလျင်ဘေးပြည်သူတွေကို တကယ်ကူညီခဲ့သလား
ငလျင်လှုပ်ခတ်မှုအပြီး စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့အပေါ် မေးခွန်းထုတ်စရာ အများအပြားရှိခဲ့သည်။ သဘာဝဘေး ကြုံတွေ့ရချိန်တွင် အရေးပါဆုံးဖြစ်နေသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပြည်သူလူထုနှင့် ထိတွေ့မှုမှာ (၃)ကြိမ်သာ ရှိခဲ့ပြီး၊ စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၁၄)ကြိမ်ရှိခဲ့သည်။ ငလျင်ဒဏ်သင့် ပြည်သူများကို သွားရောက်တွေ့ဆုံ ကူညီမှု (၃)ကြိမ်သာ လုပ်ဆောင်ခဲ့သည့် အထက်ပါ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာ သံတမန်များ နိုင်ငံတကာအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်မူ (၇)ကြိမ် တွေ့ဆုံခဲ့သည်။
အလားတူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ပြည်သူလူထုနှင့် တွေ့ဆုံမှု လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံမှုကိုသာ (၈)ကြိမ် လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း (၁) ကြိမ်သာ ထိတွေ့ဆက်ဆံခဲ့သည်။
သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သည့် ဦးသန်းဆွေသည် နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုသည် (၃၃)ကြိမ်ထိ ရှိခဲ့သည်။ ၎င်း လက်အောက်ခံ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှု (၅)ကြိမ် လုပ်ဆောင်ခဲ့သလို နောက်ထပ် ဒုဝန်ကြီးတစ်ဦးဖြစ်သည့် ဦးကိုကိုကျော်သည်လည်း နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှု (၁)ကြိမ် ရှိခဲ့သည်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်သည် သူ၏ အစိုးရအဖွဲ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ဟူသောအမည်ဖြင့် ဝန်ကြီးဌာန (၁) (၂) (၃) နှင့် (၄) ဟူသော အမည်များဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများခန့်အပ်ထားသော်လည်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တစ်လတာ အတွင်းတွင် အဆိုပါ လေးဌာနထဲမှ ဌာန (၁) နှင့် (၂) တို့၏ ပြည်ထောင်စု ဝန်ကြီးများသာ လှုပ်ရှားဆောင်ရွက်မှုများရှိပြီး ဝန်ကြီးဌာန (၃) နှင့် (၄) တို့၏ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့မှာ တစ်လတာအတွင်း လုံးဝ လှုပ်ရှားဆောင်ရွက်ခြင်းများ မရှိသည်ကိုလည်း တွေ့ရသည်။
ငလျင်လှုပ်ခတ်မှုအပြီး (၂)လတာကာလတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုနှင့် တွေ့ဆုံမှုမှာ စုစုပေါင်း (၁၂၆) ကြိမ်သာ လုပ်ဆောင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံမှုသည် (၇၅၈) ကြိမ်ရှိခဲ့သည်။ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုကို (၁၅၃)ကြိမ်သာ လုပ်ခဲ့သည်။
အထက်ဖော်ပြပါ အချက်အလက်များသည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာများပါ အချက်အလက်များနှင့် MRTV တွင် မတ်လ (၂၉)ရက်နေ့မှ မေလ (၂၈)ရက်နေ့အထိ ဖော်ပြလာသည့် အချက်အလက်များကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုကိုသာ ပြည်သူလူထု မသိစေရန် လျှို့ဝှက်ဆောင်ရွက်သော်လည်း ပြည်သူလူထုနှင့် တွေ့ဆုံခြင်းများကို မခြွင်းမချန် ဖော်ပြလေ့ရှိသည်။ ထို့ကြောင့် ငလျင်လှုပ်ခတ်မှုအပြီး နှစ်လတာကာလတွင် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုကို တွေ့ဆုံမှုသည် (၁၂၆) ကြိမ်သာ ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတကာနှင့်တွေ့ဆုံမှု စစ်ဘက်နှင့်ဌာနဆိုင်ရာများကို တွေ့ဆုံမှုသည် လက်ရှိဖော်ပြပါ အချက်အလက်များထက် ပိုမိုများပြားနိုင်သည်။
* စစ်ကောင်စီ အစိုးရအဖွဲ့၏ တစ်လတာလှုပ်ရှားမှုများကို ပုံ(၁) (၂) (၃) (၄) တို့ တွင် ကြည့်ရှုနိုင်သည်။

ပုံ(၁) စစ်ကောင်စီ အစိုးရအဖွဲ့၏ နှစ်လတာလှုပ်ရှားမှုများ အနှစ်ချုပ်
(စစ်ဘက်/ ဌာနဆိုင်ရာသည် စစ်ဘက်ရေးရာ တာဝန်များ သို့မဟုတ် တာဝန်ယူထားသည့် ဌာနဆိုင်ရာ လုပ်ငန်းဆောင်တာ များကို ရည်ညွှန်းပါသည်။ ပြည်သူလူထုသည် ဌာနဆိုင်ရာမဟုတ်သည့် အများပြည်သူ လူထုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆိုလိုပါသည်။ နိုင်ငံတကာသည် အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများကို ဆိုလိုပါသည်။)
ကိုးကား- မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ မြဝတီသတင်းစာ၊ MRTV၊ Wikipedia

ပုံ(၂) စစ်ကောင်စီ အစိုးရအဖွဲ့၏ နှစ်လတာလှုပ်ရှားမှုများ အနှစ်ချုပ်

ပုံ(၃) စစ်ကောင်စီ အစိုးရအဖွဲ့၏ နှစ်လတာလှုပ်ရှားမှုများ အနှစ်ချုပ်

ပုံ(၄) စစ်ကောင်စီ အစိုးရအဖွဲ့၏ နှစ်လတာလှုပ်ရှားမှုများ အနှစ်ချုပ်
ပြည်သူတွေက ဘာရသလဲ
မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် စစ်ကောင်စီသည် ငလျင်ဘေးအပြီး ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို စျေးသက်သာစွာဖြင့် ရောင်းချပေးမည်ဟုဆိုကာ စျေးပွဲတော်များ ကျင်းပခဲ့သည်။ ယင်းစျေးပွဲတော်တွင် ပြည်သူများ အဓိက လိုအပ်နေသည့် ဘိလပ်မြေအိတ်များ ရောင်းချမှုသည် အကန့်သတ်ဖြင့်သာရှိခဲ့သည်၊ ငလျင်ဒဏ်သင့် ပြည်သူများသည် ယာယီတဲအိမ်များ ဆောက်လုပ်နိုင်ရန်အတွက် ထန်းရွက်များကိုပါ တစ်ရွက်လျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် စျေးကြီးပေးကာ ဝယ်ယူနေရသည်၊ လက်ရှိအချိန်ထိ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဒဏ်သင့် ပြည်သူအချို့သည် ယာယီတဲများတွင်သာ နေထိုင်နေကြရသည်ဟု လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာနများတွင် ဖော်ပြထားသည်။
လေ့လာတွေ့ရှိချက်
မတ်လ (၂၈)ရက်နေ့က ဖြစ်ပွားသည့် ငလျင်သည် ပြည်သူများနေထိုင်ရာ ဒေသများကို သက်ရောက်မှုရှိခဲ့ခြင်းသာ မက၊ စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ကိုလည်း ထိရောက်မှု ပြင်းထန်ခဲ့သည်။ စစ်ကောင်စီသည် ငလျင်ကြောင့် ပြည်သူများ အတိဒုက္ခရောက်နေသည်ကို အမှုမထားမှုသည် လက်ရှိစိစစ်တွေ့ရှိရသည့် ပြည်သူလူထုနှင့်တွေ့ဆုံမှုမှတ်တမ်းများက အခြေပြနေသည်။ ထို့အပြင် ငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာနှင့် ကူးလူးဆက်သွယ်မှုကိုသာ စစ်ကောင်စီအနေဖြင့် အလေးနက်ထား လုပ်ဆောင်နေကြောင်းလည်း စိစစ်တွေ့ရှိချက်အရ သိနိုင်သည်။
ပြန်လည်ထူထောင်ရေး ကာလတွင်လည်း စစ်ကောင်စီသည် နေပြည်တော်ရှိ ပျက်စီးသွားသည့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာများ အမြန်ပြန်လည်တည်ဆောက်နိုင်ရေးကိုသာ ဦးတည်လုပ်ဆောင်နေပြီး ပြည်သူများ၏ နေအိမ်အပျက်အစီးများကို ရှင်းလင်းနိုင်ရေးအတွက်ပင် ထိရောက်စွာ ကူညီခဲ့ခြင်း မရှိသည်ကို လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။
အပိုင်း(၂)
ပြည်သူကို မကူဘဲ စစ်ကောင်စီ ဘာလုပ်နေလဲ
စစ်ကောင်စီအစိုးရအဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အာဏာသိမ်း ခေါင်းဆောင် နိုင်ငံတကာ ခြေဆန့်နိုင်မည့်အရေး အလုပ်ရှုပ်နေစဉ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူကာ ငလျင်ကူညီကယ်ဆယ်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
နှစ်လတာအတွင်း နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုများတွင်လည်း ငလျင်ကူညီကယ်ဆယ်ရေးနှင့် သက်ဆိုင်သည့် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် တွေ့ဆုံခြင်းများအပြင် ကုလသမဂ္ဂ (UN) လက်အောက်ရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က ညွှန်မှူးတို့နှင့် တွေ့ဆုံခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။
ငလျင်ဒဏ်သင့်ပြီးနောက် ငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာနှင့် စစ်ကောင်စီတို့ ထိတွေ့ဆက်ဆံခွင့် ရရန် ကြိုးပမ်းမှုတွင် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာနသည် နှစ်လတာအတွင်းတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ၊ UN ၏ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် UNOCHA အဖွဲ့အစည်းများအပြင် UN နှင့် ဆက်နွှယ်နေသော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းမှုအဖွဲ့ (IOM) အပါအဝင် အခြားသော အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း INGO အချို့ တို့နှင့်လည်း ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံကိုသွားရောက်သည့် စစ်ခေါင်းဆောင်၏ ခရီးစဉ်တွင်လည်း နိုင်ငံခြားရေး ဝန်ကြီးသည် အတူလိုက်ပါသွားကာ စစ်ခေါင်းဆောင်၏ ခရီးစဉ်တလျှောက် ရုရှားသမ္မတ၊ တရုတ်သမ္မတ စသည့် အဓိက မဟာမိတ်များနှင့် တွေ့ဆုံမှုများတွင်လည်း အမြဲမပြတ်လိုက်ပါသွားသည်ကို စစ်ကောင်စီ၏ သတင်းစာများ ဖော်ပြချက်အရ သိရသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီသည် စစ်ကိုင်းငလျင်ဖြစ်ပွားပြီးသည့်နောက်တွင် ငလျင်ကို အကြောင်းပြုကာ ယခင်က အာဏာသိမ်း စစ်အုပ်စုကို ဖယ်ကြဉ်ထားသည့် နိုင်ငံတကာနှင့် ပိုမိုထိတွေ့ ဆက်ဆံနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ကို ထင်ရှားစွာ တွေ့မြင်ရပါသည်။ စစ်အုပ်စု ဆက်လက်တည်မြဲရေးအတွက် အခြားအရေးကြီးသော အပိုင်းဖြစ်သည့် စစ်ရေးတွင်လည်း ငလျင်ကို အကြောင်းပြုကာ အသာစီးရရန် ကြိုးပမ်းနေသည်ကိုလည်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
စစ်ကောင်စီ၏ အယောင်ဆောင် အပစ်ရပ် ကြေညာချက်
မတ်လ ၂၈ ရက်နေ့တွင် ငလျင်ကြီး လှုပ်ခတ်ပြီးသည့်နောက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့က ငလျင်ဒဏ်သင့် ပြည်သူများကို တတ်နိုင်သမျှ အမြန်ဆုံးကူညီထောက်ပံ့ပေးသွားမည်ဟု မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကမူ ငလျင်ဒဏ်သင့် ဒေသများတွင် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်တာကို ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရပ်ဆိုင်းထားမည်ဟု မတ်လ ၂၉ ရက်နေ့မှာပင် ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော် ငလျင်ဒဏ်သင့် ဒေသများအတွက် တာဝန်အရှိဆုံးဖြစ်သည့် အာဏာသိမ်း စစ်ကောင်စီကမူ ငလျင်လှုပ်ခတ်ပြီး ခြောက်ရက်အကြာ ဧပြီလ ၂ ရက်နေ့တွင်မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ဧပြီ ၂ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်ထွက်လာပြီး မကြာခင်မှာပင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) က ဧပြီ ၂ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့အထိကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။
စစ်ကောင်စီ၏ ယာယီအပစ်ခတ်ရပ်စဲမှုသည် ချွင်းချက်များစွာ ပါဝင်နေသဖြင့် ဝေဖန်မှုများ မြင့်တက်ခဲ့သလို တကယ့်မြေပြင် အခြေအနေတွင်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကာ နိုင်ငံတဝန်းတွင် လေကြောင်း၊ လက်နက်ကြီးများအပြင် မြေပြင် ထိုးစစ်ဆင်ခြင်းများကိုပါ ပြုလုပ်နေသည်ကို ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။ စစ်ကောင်စီသည် ဧပြီ ၂၂ ရက်နေ့ ရောက်သည့်အခါတွင်လည်း ယာယီအပစ်ခတ်ရပ်စဲမှုကို ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးခဲ့ပါသည်။
ထို့ပြင် အပစ်ခတ်ရပ်စဲရေးကာလကို မေလကုန်အထိ ထပ်မံသက်တမ်းတိုးခဲ့ပါသည်။ သို့သော် ထိုသို့ ယာယီအပစ်ခတ်ရပ်စဲမှုကို သက်တမ်းတိုးခဲ့သော်လည်း နိုင်ငံတဝန်းတွင် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ကို ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
ထို့ကြောင့် ဒေသတွင်း သတင်းဌာနများထဲမှ Myanmar Now, DVB, Khit Thit နှင့် The Irrawaddy စသည့် သတင်းဌာနလေးခုတို့၏ မတ်လ ၂၈ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ဖော်ပြချက်များ ထဲက လေကြောင်းတိုက်ခိုက်မှုများကို စာရင်းပြုစုကြည့်ရာ ငလျင်စတင်လှုပ်ခတ်ပြီးချိန်မှ စတင်ပြီး မေလ ၂၈ ရက်နေ့အထိ နှစ်လတာ ကာလအတွင်းတွင် စစ်ကောင်စီသည် နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် တစ်ထောင်ကျော်ရှိ
စစ်ကောင်စီသည် ငလျင်လှုပ်ခတ်ပြီးသည့်နောက် နှစ်လတာအတွင်း နိုင်ငံတဝန်း၌ လေကြောင်းမှ တိုက်ခိုက်မှုပေါင်း (၁၀၄၂) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။ ထို (၁၀၄၂) ကြိမ်သည် လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်၊ စက်တပ်လေထီးနှင့် ဒရုန်းများအသုံးပြုကာ အရပ်သားနေထိုင်ရာ နေရာများကို တိုက်ခိုက်မှုများကို စာရင်းသွင်းထားခြင်း ဖြစ်ပြီး အချို့တိုက်ခိုက်မှုများတွင် အကြိမ်ရေ အတိအကျ မသိနိုင်သဖြင့် တစ်ကြိမ်အဖြစ်သာ စာရင်းသွင်းထားခြင်း၊ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ရာနေရာများတွင် လေကြောင်းတိုက်ခိုက်ခြင်းများကို ထည့်သွင်းမထားသဖြင့် တကယ့်မြေပြင်တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းသည် ယခုလက်ရှိ စာရင်းထက် များစွာသာလွန်နိုင်သည်။
* စစ်ကောင်စီ၏ နှစ်လတာအတွင်း နိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်အလိုက် လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ရေများကို အောက်ပါပုံ (၅) တွင် ကြည့်ရှုနိုင်ပါသည်။

ပုံ(၅) စစ်ကောင်စီ၏ နှစ်လတာအတွင်း နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရမှု အချက်အလက်ပြမြေပုံ၊
ရန်ကုန်တိုင်းမှ လွဲ၍ ကျန် တိုင်းနဲ့ ပြည်နယ် (၁၃) ခုတွင် နေ့စဉ်မပျက် လေကြောင်းမှ တိုက်ခိုက်နေခဲ့သည်ကို တွေ့ရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် နှစ်လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်းတွင် လူပေါင်း (၄၂၁) ဦးသေဆုံးကာ (၈၀၄) ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စာသင်ကျောင်းတွေနဲ့ မင်္ဂလာဆောင်ပါ ဗုံးကြဲတိုက်ခိုက်လာမှု
စစ်ကောင်စီ၏ ငလျင်ပြီး နှစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှုများထဲတွင် ထိခိုက်သေဆုံးမှု အများဆုံးမှာ ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ အိုးထိမ်းကွင်းရွာရှိ စာသင်ကျောင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် Grade 2 မှ Grade 11 အရွယ်အထိ ကျောင်းသား ကျောင်းသူ ၂၂ ဦးနှင့် ဆရာမ နှစ်ဦးတို့ သေဆုံးခဲ့ကြပြီး လူဦးရေ ၁၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရခဲ့သည့် တိုက်ခိုက်မှု ဖြစ်သည်ကို ဒေသတွင်း သတင်းဌာနများက ဖော်ပြချက်များအရ သိရသည်။
ထို့ပြင် စစ်ကောင်စီသည် စာသင်ကျောင်းများသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင်လည်း လူစုလူဝေးရှိသည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများလည်း ရှိသည်။ ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင်လည်း ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ကျွန်းကြီးရွာတွင် ပြုလုပ်ကျင်းပနေသည့် မင်္ဂလာဆောင်တစ်ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သတို့သမီးနှင့် ကလေးငယ်များအပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့ရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
စစ်ကောင်စီ၏ နှစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု များသည် အချို့သော တိုက်ခိုက်မှုများတွင် ဆက်သွယ်အတည်ပြုရန်အခက်အခဲများကြောင့် စာရင်းအတိအကျ မရနိုင်သေးသည့် အခြေအနေများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသောကြောင့် တကယ့်မြေပြင် အခြေအနေသည် ယခုဖော်ပြပါ စာရင်းထက် ပိုမိုများပြားနိုင်သည်။
* စစ်ကောင်စီ၏ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် တိုင်းနဲ့ပြည်နယ်အလိုက် သေဆုံးမှုစာရင်းကို ပုံ (၆) တွင် ကြည့်ရှုနိုင်ပါသည်။

ပုံ(၆) မတ်လ ၂၈ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးမှု အရေအတွက်ပြ ပုံ
နိဂုံး
စစ်ကောင်စီသည် ပြည်သူလူထု ငလျင်ဘေးကြောင့် သောကရောက်နေချိန်တွင် ၎င်းတို့ နိုင်ငံတကာတွင် ဝင်ဆံ့ရေးကိုသာ ဦးတည်လှုပ်ရှားခဲ့မှုကို ၎င်းတို့ လုပ်ဆောင်ချက် ဆောင်ရွက်မှုမှတ်တမ်းများဖြစ်သည့် ပုံ(၁)၊ ပုံ(၂)၊ ပုံ(၃)၊ ပုံ(၄) ပါ အချက်အလက်များအရ သိရှိနိုင်သည်။ ပြည်သူလူထုနှင့် တွေ့ဆုံမှုကို စုစုပေါင်း (၁၂၆)ကြိမ်သာ လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီအစိုးရအဖွဲ့သည် ငလျင်ကြောင့် အပစ်ခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း ပြည်သူလူထုနေထိုင်ရာ ဒေသများကို လေကြောင်းမှ တိုက်ခိုက်မှု (၁၀၄၂)ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်။ ငလျင်ကြောင့် ပြည်သူများ အသက်ဆုံးပါးမှုသည် ၎င်းတို့ ထုတ်ပြန်ထားသည့် အချက်အလက်များအရ မေလ (၂၉) ရက်နေ့အထိ (၃၇၃၉) ဦးရှိခဲ့သည်။ ငလျင်အပြီး နှစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ အသက်ဆုံးပါးခဲ့ရမှုသည် (၄၂၁) ဦးသေဆုံးကာ (၈၀၄) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကောက်ချက်
စစ်ကောင်စီသည် ၂၀၂၁ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း (၄၆)ကြိမ်၊ ၂၀၂၂ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၈၇)ကြိမ်၊ ၂၀၂၃ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း (၄၈၀)ကြိမ်၊ ၂၀၂၄ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း (၁,၀၅၄) ကြိမ် လုပ်ဆောင်ခဲ့သည်ဟု နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ငလျင်လှုပ်ခတ်မှုအပြီးတွင် ဝမ်းနည်းကြောင်းထုတ်ပြန်ပြီး အပစ်ခတ်ရပ်စဲသည်ဟု ကြေညာခဲ့သည့် စစ်ကောင်စီသည် ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ (၂၈) ရက်နေ့မှ မေလ (၂၈)ရက်နေ့ထိ (၂)လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၁,၀၄၂)ကြိမ်ထိ လုပ်ဆောင်ခဲ့သည်။ ယင်းအရေအတွက်သည် ၂၀၂၄ခုနှစ် တစ်ခုလုံး စစ်ကောင်စီကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက်နှင့် နှိုင်းယှဉ်ပါက (၁၂)ကြိမ်သာ ကွာဟတော့သည်ကို တွေ့မြင်ရသည်။
ငလျင်လှုပ်ခတ်ပြီးချိန်တွင် နိုင်ငံခြားငွေ လိုအပ်ချက် များပြားနေသည့် စစ်ကောင်စီသည် ငလျင်ဘေးအတွက် နိုင်ငံတကာမှ အလှူငွေများကို စစ်အသုံးစရိတ် အဖြစ် အသွင်ပြောင်းခဲ့လေသလားဟု မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
အစီရင်ခံစာကို PDF အနေဖြင့် ရယူနိုင်ရန် Link