တွန်းဇံက စစ်ဘေးရှောင်တွေ တစ်လကျော်ကြာထိ နေရပ်မပြန်နိုင်ကြသေး

Author ဆလိုင်း
Categories
Published on Jun 29, 2024

မြန်မာ – အိန္ဒိယနယ်စပ် ချင်းပြည်နယ်(မြောက်ပိုင်း) တွန်းဇံ မြို့သိမ်း တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

 

တွန်းဇံမြို့နဲ့ ကျီးခါးမြို့ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ချင်းလဲန်းကောင်စီ လက်အောက် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက် သိမ်းပိုက်ရရှိထားပါတယ်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ တွန်းဇံမြို့ ဒေသခံတွေဟာ တစ်လကျော်ကြာထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စစ်ဘေးရှောင်တွေက လေကြောင်း တိုက်ခိုက်မူ ပြုလုပ်မှာ ကြောက်ကြလို့ မပြန်ရဲကြသလို တစ်ဖက်မှာလည်း တွန်းဇံကို ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)ကလည်း ပြန်တိုက်မယ် သတင်းကြလို့ မပြန်ရဲတာလည်း ပါတယ်။”လို့ သူက ဆိုပါတယ်။

 

တွန်းဇံမြို့နယ်ဟာ ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)တို့ မကြာခဏ တိုက်ပွဲဖြစ်တဲ့ မြို့နယ်ဖြစ်သလို ပြီးခဲ့တဲ့ တွန်းဇံမြို့နဲ့ ကျီးခါးမြို့သိမ်း တိုက်ပွဲတွင်းလည်း ZRA ရဲဘော်တွေကို စစ်သုံးပန့် ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

တွန်းဇံမြို့သိမ်း တိုက်ပွဲတွင်း မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာ ၁၅ ရွာခန့်က ဒေသခံတွေဟာ မြန်မာ-အိန္ဒိယနယ်စပ်တွေမှာ ထွက်ပြေးတိမ်းရှောင်သလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

အဲ့ဒီ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေပြီး ဆေးဝါးတွေ ပြတ်လက်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံးမူဖြစ်ပွားခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီဆောင်ရွက်ပေးသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မြို့ထဲမှာ ပြန်လာတဲ့သူတွေ မရှိသေးဘူး။ အကုန်လုံးက စစ်ဘေးရှောင်နေရဆဲဖြစ်တယ်။ စစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာတွေ လိုအပ်တယ်။ ဆန်တစ်အိတ် ၂သိန်းလောက်ရှိတယ်။ ဆေးဝါးတွေ လိုအပ်တယ်။ ဆေးဝါးတွေ လိုအပ်လို့ အသက်မဆုံးရှုံးသင့်တဲ့ သူတွေ အသက်ဆုံးရှုံးနေရတယ်။”လို့ သူက ပြောပါတယ်။

 

လက်ရှိ တွန်းဇံမြို့မှာ အရပ်သားပြည်သူ ၁၀၀ ကျော်သာရှိသေးပြီး သူတို့ဟာ စျေးဆိုင်တွေတည်ခင်း ရောင်းချနေတဲ့ စျေးသည်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

 

ယင်းအပြင် တွန်းဇံနဲ့ ကျီးခါးမြို့ကို ချင်းလဲန်းကောင်စီ လက်အောက်ရှိ ချင်းကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားသလို မြို့အဝင်အထွက်တွေကိုလည်း တင်းကြပ်ထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – တွန်းဇံမြို့တစ်နေရာကို မြင်ရပုံ (ပုံဟောင်း)