ရွေးကောက်ပွဲ အပိုင်း(၁)မှာ ပြည်သူ့ရှေ့ဆောင်ပါတီက တစ်ဦးမှ အနိုင်မရဘူးလို့ ပါတီဒုဥက္ကဋ္ဌပြော


စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁)မှာ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ်လောင်းတွေ တစ်ဦးမှ အနိုင်မရဘူးလို့ ပါတီဗဟို ဒုဥက္ကဋ္ဌဖြစ်သူ ဦးစောဟန်အေးက စစ်အုပ်စုလက်အောက် ရွေးကောက်ပွဲ သတင်းတွေ ရယူခွင့်ရှိနေတဲ့ ပြည်တွင်းမီဒီယာတစ်ခုကို ဝန်ခံပြောကြားလိုက်ပါတယ်။

 

“မဲရလဒ်ကတော့ ကျွန်တော်တို့ တစ်နေရာမှ မနိုင်ပါဘူးဗျ၊ လောလောဆယ်။ အောက်လွှတ်တော်ရော၊ တိုင်းဒေသကြီးရော မနိုင်သေးပါဘူး။ မနိုင်ပါဘူး။ အမျိုးသားလွှတ်တော်ကတော့ ကျန်တဲ့ မြို့နယ်တွေ စောင့်ကြည့်ရဦးမယ်ပေါ့နော်။ အပိုင်း (၂) နဲ့ (၃) တော့ မသိသေးဘူးပေါ့”လို့ ဦးစောဟန်အေးက ပြောပါတယ်။

 

မဲရုံတွေမှာ မဲရုံကိုယ်စားလှယ်တွေကို အပြည့်အဝ မထားနိုင်တာလည်း ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ အားနည်းချက်တစ်ခု ဖြစ်ခဲ့တယ်လို့ ဦးစောဟန်အေးက ဆိုပါတယ်။

 

မဲဆန္ဒနယ်တိုင်းမှာ စစ်အုပ်စု ကျောထောက်နောက်ခံ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိနေတယ်လို့ ဦးစောဟန်အေးက ဆက်ပြောပါတယ်။

 

“တခြားတိုင်းတွေမှာလည်း မနိုင်ပါဘူး။ အားလုံးက ကျွန်တော် သိသလောက်တော့ USDP ပဲ နိုင်တဲ့ သဘောရှိပါတယ်။ ကိုးဆယ်၊ ကိုးဆယ့်ငါး ရာခိုင်နှုန်းလောက်က USDP ပဲ နိုင်တယ်လို့ ကြားတယ်။ ကျန်တာကတော့ တချို့နေရာမှာ ကျားဖြူပါတီတွေ နိုင်တယ်လို့ ကြားတယ်၊ ရှမ်းပြည်တို့ ဘာတို့မှာ တစ်နေရာ နှစ်နေရာလောက်တော့ ကြားတယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၆၅ မြို့နယ်မှာ စစ်အုပ်စုက အပိုင်း ၃ ပိုင်းခွဲကာ ရွေးကောက်ပွဲကျင်းပနေတာဖြစ်ပြီး မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပါဘူး။

 

ဓာတ်ပုံ – PPP