ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန်က ကူညီမယ်

Author CJ Platform
Categories
Published on Mar 29, 2025

နှစ်ပေါင်း တစ်ရာကျော်အတွင်း အဆိုးဝါးဆုံး ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံက ကူညီမှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။

 

အိမ်ဖြူတော်မှာ မတ်လ ၂၈ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်တာပါ။

 

“အကူအညီပေးသွားဖို့ရှိပါတယ်။ ဒီကိစ္စကို သိထားပြီးပါပြီ။ အတော်ကိုဆိုးဆိုးရွားရွားဖြစ်သွားတာပါ။ မြန်မာနိုင်ငံနဲ့ စကားပြောထားပြီးပါပြီ”လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆိုပါတယ်။

 

မြန်မာနိုင်ငံနဲ့ စကားပြောထားပြီးပါပြီလို့ သမ္မတ ထရန့်ရဲ့ ပြောဆိုချက်ဟာ စစ်ကောင်စီနဲ့ ဆွေးနွေးပြောဆိုမှုလား အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ ဆွေးနွေးပြောဆိုမှုလားဆိုတာကိုတော့ မသိရှိရပါဘူး။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ငလျင်လှုပ်ခတ်ပြီးချိန်မှာပဲ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို အကူညီပေးဖို့ အကူညီတောင်းခံမှုတွေ ထုတ်ပြန်ခဲ့ပါတယ်။

 

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်မှာ ၉၆ ဦး၊ စစ်ကိုင်းမှာ ၁၈ ဦးနဲ့ ကျောက်ဆည်မှာ ၃၀ဦး စုစုပေါင်း လူပေါင်း ၁၄၄ ဦးသေဆုံးကာ ၇၀၀ ကျော် ဒဏ်ရာရရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး မြေပြင်မှာ ပျောက်ဆုံးနေဆဲ ပြည်သူတွေ အများအပြားရှိနေပါတယ်။

 

ငလျင်လှုပ်ခတ်ချိန်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဥပုသ်လလည်းဖြစ်ပြီး ဗလီအသီးသီးမှာ ဝတ်ပြုဆုတောင်းချိန်နဲ့လည်း ထပ်တူကျနေတာကြောင့် ဗလီအချို့ ပြိုကျမှု ဖြစ်စဉ်အတွင်းမှာ အစ္စလာမ်ဘာသာဝင် ၄၀၀ ဦးထက်မနည်း ဆုံးပါးခဲ့ရတယ်လို့လည်း အစ္စလာမ်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Getty Images