“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဇူလိုင်လ ၂၁ မှ ၂၇ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 27, 2024

“သိန်း ၆၀ ကျော်လို့ ၇၀ ကို မျက်စောင်းထိုးသွားတဲ့ ရွှေဈေး”

 

စစ်တပ်အာဏာသိမ်းပြီးနောက် အတိုးတက်ဆုံးကတော့ ကုန်ဈေးနှုန်းတွေပါပဲ။ အဲဒီထဲ ရွှေဈေးက ထိပ်ဆုံးမှာရှိနေပြီး ၁၆ ပဲရည် တစ်ကျပ်သား သိန်း ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး စံချိန်တစ်ခုပြီး တစ်ခု ချိုးလာလိုက်တာ အခုဆိုရင် သိန်း ၆၀ ကျော်လို့ သိန်း ၇၀ ကို မျက်စောင်းထိုးနေပြီဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့အပတ်တွေတုန်းက ၁၆ ပဲရည်တစ်ကျပ်သား သိန်း ၆၀ နားတဝဲလည်လည်ဖြစ်နေတဲ့ရွှေဈေးဟာ အခုပတ်မှာတော့ သိန်း ၆၀ ကျော်သွားပြီဖြစ်ပါတယ်။

 

ဒါကြောင့် တစ်ပတ်အတွင်း အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်တစ်သိန်းနှစ်သောင်းအထိမြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ အရင်အပတ်တွေထဲ ဈေးကျချိန်မှာ သောင်းဂဏန်းသာ ကျခဲ့ပြီး ဒီတစ်ပတ်တက်ချိန်မှာတော့ သိန်းကျော်အထိတက်သွားတာပါ။

 

ဈေးကွက် ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မူတည်ပြီး ပြင်ပရွှေဈေးကွက် အပြောင်းအလဲဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း(YGEA)ရဲ့ သတ်မှတ်ဈေးဟာ အရင်အပတ်က အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သား ၄၇ သိန်းကျော်ကနေ ဒီတစ်ပတ် သောကြာနေ့မှာ ၄၅ သိန်း ကိုးသောင်းကျပ်သာသတ်မှတ်ထားတာတွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ထဲတော့ အရင်အပတ်ကထိ ဈေးနှုန်းဆက်လက်မြင့်တက်နေခဲ့ရာကနေ ဒီတစ်ပတ်ထဲ ပြန်ကျလာတာတွေ့မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့အပတ် သောကြာနေ့မှာ တစ်အောင်စ အမေရိကန် ၂၄၂၁ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၂၃၈၇ ဒေါ်လာနဲ့‌ ဈေးပိတ်ခဲ့တာကြောင့် တစ်ပတ်အတွင်း တစ်အောင်စ အမေရိကန် ၃၄ ဒေါ်လာခန့်ကျသွားတာလို့ ပြောလို့ရပါတယ်။

 

ဒီတစ်ပတ် သောကြာနေ့ ပြည်တွင်းရွှေဈေးကွက်မှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား သိန်း ၆၀ နှစ်သောင်းကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၅၆ သိန်း လေးသောင်းနဲ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။