မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ နောက် ၁၃ ရက်အတွင်း ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေကြီးနိုင်လို့ သတိပြုနေထိုင်ရန်လို

Published on May 28, 2024

မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ နောက် ၁၃ ရက်အတွင်း ဧရာဝတီနဲ့ ချင်းတွင်းမြစ် ရေကြီးနိုင်လို့ မြစ် ကြောင်းတစ်လျှောက်နေထိုင်သူတွေနဲ့ ရေလမ်းခရီးသွားလာတဲ့ ရေယာဉ်တွေ ဂရုစိုက်ပြီး နေထိုင်သွားလာဖို့ ဒီနေ့ မေ ၂၈ရက်မှာ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

 

မိုးဇလက ထူးခြားမြစ်ရေ အခြေအနေ တစ်ရပ်အဖြစ် ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ မေ ၂၈ရက် ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ ၅၈၈ စင်တီမီတာကို ရောက်ရှိခဲ့ပြီး ၃၆နာရီအတွင်း ဆယ်ပေ လောက်မြင့်တက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဧရာ၀တီမြစ် အထက်ပိုင်းမှာ မြင့်တက်ခဲ့တဲ့ မြစ်ရေဟာ နောက် ၁ရက်ကနေ ၇ရက်အတွင်း ဗန်းမော်မြို့ ၊ ရွှေကူမြို့၊ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တွေမှာ ၆ပေကနေ ၈ပေလောက်၊ နောက် ၈ရက်ကနေ ၁၁ရက်အတွင်း ပခုက္ကူမြို့၊ညောင်ဦးမြို့၊ ချောက်၊ မင်းဘူး၊ မကွေးမြို့နဲ့ အောင်လံမြို့တွေမှာ ၈ပေကနေ ၁၀ပေလောက်၊ နောက် ၁၁ရက်ကနေ ၁၃ရက်အတွင်း ပြည်မြို့၊ ဆိပ်သာမြို့၊ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ ၆ပေကနေ ၇ပေခွဲလောက် လက်ရှိရေမှတ်တွေထက် မြင့်တက်လာနိုင်ပါတယ်။

 

အလားတူ ချင်းတွင်မြစ်ရေဟာ ခန္တီးမြို့မှာ မေ ၂၈ရက် ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ ၅၀၂ စင်တီမီ တာကို ရောက်ရှိခဲ့ပြီး ၃၆နာရီအတွင်း ၁၃ပေလောက် မြင့်တက်ခဲ့ပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းမှာ မြင့်တက်ခဲ့တဲ့ မြစ်ရေဟာ နောက်တစ်ရပ်ကနေ ၄ရက်အတွင်း ဟုမ္မလင်း၊ ဖောင်းပြင်မြို့နဲ့ မော်လိုက်မြို့တွေမှာ ၁၀ပေကနေ ၁၁ပေလောက် နောက် ၄ ရက်ကနေ ၆ ရက်အတွင်း ကလေး၀မြို့၊ မင်းကင်း၊ ကနီမြို့တွေမှာ ၈ ပေကနေ ၁၀ပေလောက် လက်ရှိရေအမှတ်ထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

 

ဒါ့ကြောင့် မြစ်ကြောင်းတွေအတွင်း သွားလာနေကြတဲ့ ရေယာဉ်၊ လှေ၊ သင်္ဘောတွေအနေနဲ့ ဂရုစိုက်သွားလာဖို့အပြင် သဲသောင်ခုံတွေမှာ စိုက်ပျိုးနေထိုင်ကြသူတွေအနေနဲ့လည်း မြစ်ရေတိုး လာနိုင်မှုကို ဂရုပြုနေထိုင်သင့်တယ်လို့ မိုးဇလက အကြံပြုထုတ်ပြန်ထားပါတယ်။

 

ဧရာ၀တီမြစ်ဟာ မြန်မာပြည်အထက်ပိုင်း ဒေသတွေရဲ့ ရေလမ်းကြောင်းသွားလာမှုနဲ့ ကုန်စည်စီးဆင်းရာမှာ အဓိကကြတဲ့ မြစ်ကြီးတစ်စင်းဖြစ်ပြီး ချင်းတွင်းမြစ်ဟာဆိုရင်လည်း အနောက်မြောက်တိုင်း မုံရွာမြို့ကနေ ဟုမ္မလင်း၊ ဖောင်းပြင်၊မော်လိုက်၊ကလေး၀မြို့၊ မင်းကင်း၊ ကနီမြို့တွေနဲ့ ချိတ်ဆက်သွားလာ ကုန်စည်စီးဆင်းရာ မြစ်ကြီးတစ်စင်းဖြစ်ပါတယ်။

 

အခုလို မိုးဦးကာလ မြစ်ရေကြီးချိန်မှာ ချင်းတွင်းမြစ်အထက်ပိုင်းမှာ ရေယာဉ်တွေ တိမ်းမှောက်ပြီး ခရီးသည်တွေ အများအပြား သေဆုံးရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ချင်းတွင်းမြစ်ရေတိုးလာမှုကို ဒီနေ့ မေ ၂၈ရက်က မြင်တွေ့ရစဉ်