တီးတိန်က စစ်ကောင်စီ တပ်စခန်း ၁ ခုကို သိမ်းပိုက်၊ နှစ်ဖက်အကျအဆုံးရှိတဲ့အပြင် လေယာဉ်ဗုံးကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံး

Author ဆလိုင်း
Categories
Published on May 27, 2024

ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကောင်စီ တပ်စခန်း တစ်ခု သိမ်းပိုက်ရရှိထားပြီး နှစ်ဖက်အကျအဆုံးရှိတဲ့အပြင် လေယာဉ်ဗုံးဒဏ်ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

 

တီးတိန်မြို့အနီးက စစ်ကောင်စီရဲ့ မိုက်ခရိုဝေ့စ် တပ်စခန်းကို မေလ ၂၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်(Zoland)နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး မေလ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ စခန်းကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

 

အဲဒီ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“သေဆုံးတဲ့ စစ်ကောင်စီ အလောင်းတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက်လည်း ကျတယ်။ ဒီနေ့ မနက်မှာ တီးတိန်မြို့ပေါ် လေကြောင်း တိုက်ခိုက်သွားတယ်” လို့ သူက ဆိုပါတယ်။

 

မေလ ၂၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီက တီးတိန်မြို့ လွယ်ဘွာလ်ရပ်ကွက်ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး မြို့မရပ်ကွက်က လူနေအိမ် ငါးလုံးကိုလည်း စစ်ကောင်စီက မီးရှို့သွားတယ်လို့ သိရပါတယ်။

 

တီးတိန်မြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြို့နေ ပြည်သူတွေ အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

လက်ရှိ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်စခန်းကုန်းနဲ့ မြို့မ ရဲစခန်း နှစ်ခုသာ ကျန်ရှိပြီး ထွေအုပ်ရုံးနဲ့ နတလကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း ပစ်ခတ်ခံရပြီး တပ်စွဲထားခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ မနက် ၂ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တီးတိန်မြို့နယ် မွှာလ်ဘင်းကျေးရွာက သားအဖနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – တီးတိန်မြို့ မြို့မရပ်ကွက် မီးရှို့ခံရနေတာကို တွေ့မြင်ရစဉ်