ပဲခူးရိုးမပေါ်ထိုးလာသည့် စစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက် ၁၅ ဦးသေ

Published on Apr 27, 2024

ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးတပ်တို့ ဧပြီ ၂၆ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အသေအဆုံး အများအပြားရှိခဲ့သည်ဟု တိုက်ပွဲရှေ့တန်းရှိ ရဲဘော်များထံမှ သိရသည်။

 

၆၆ တိမ်မြုတ်တပ်လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းသည် အုတ်ဖိုမြို့နယ်အရှေ့ဘက်၊ ဗျူဟာလမ်းအနီး တင်းဝါးချောင်းရွာနားတွင် ယာယီစခန်းချနားနေစဉ် ဧပြီ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တစ်ကြိမ်၊ ဧပြီ ၂၇ ရက် နံနက် ၈ နာရီခန့်တွင် တစ်ကြိမ် နှစ်ရက်ဆက်၍ ဒေသခံတော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်သား ၁၅ ဦးသေဆုံးခဲ့ကာ ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက်  HERO ပြောက်ကျားတပ်ဖွဲ့ ဗိုလ်မိုးကြိုးမှ CJ Platform သို့ပြောသည်။

 

“ သူတို့က ပဲခူးရိုးမပေါ်ကိုထိုးတဲ့ စစ်ကြောင်းဗျ၊ အဲဒါကိုဖြတ်တိုက်တာ ဖရဲသီးသတင်းလည်းရှိတယ် ကျွန်တော်တို့ အရင်းအမြစ်သတင်းလဲရှိတယ် ၁၅ ယောက်သေတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

 

စစ်ကောင်စီတပ်ဘက်မှ သေဆုံးအလောင်းများကို ထိုနေရာမှာတင် အလောင်းဖျောက်ဖျက်ခဲ့သည်ဟု သိရပြီး တင်းဝါးချောင်းရွာရှိ ဒေသခံများမှာ စစ်ရှောင်နေသည်မှာ ကြာပြီဖြစ်ခြင်းကြောင့် လူအထိအခိုက်မရှိဟု သိရသည်။

 

ထို့ပြင် စစ်ကောင်စီဘက်မှ အင်အား ၁၆၀ ခန့် ဖြည့်ထားကာ ကျားထိုးဗျူဟာခင်းနေပြီး ဝေဟင်မှလည်း လေယာဉ်ဝဲကာ ထောက်ကူနေသည်ဟုသိရသည်။

 

မတ်လ ၂၃ရက်နေ့ ကလည်း အုတ်ဖိုမြို့နယ်၊တင်းဝါးချောင်းရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ပဲခူးတိုင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့၊တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF နှင့် MNO PDF ရိုးမညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ၄၀ မမ ၆၀ မမ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်သေပြီး အများအပြားထိခိုက်ကြောင်းသိရသည်။