ယခုနှစ် ခြောက်လအတွင်း မူးယစ်ဆေးဖမ်းမိမှု ကျပ် ၁၂၇ ဘီလျံကျော်ရှိလို့ စစ်ကောင်စီဆို

Author ကိုထားဝယ်
Categories
Published on Aug 02, 2024

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဖမ်းဆီးရမိမှုတန်ဖိုးဟာ ယခုနှစ် ဇန်နဝါရီ မှ ဇွန်လအထိ ခြောက်လအတွင်း ၁၂၇ ဒသမ ၉၇၈ ဘီလျံရှိတယ်လို့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

 

ယမန်နေ့နေပြည်တော်မှာကျင်းပတဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အစည်းအဝေးမှာ အဲဒီကော်မတီဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“ဒါကြောင့် ယခုထက်ပိုမိုထိရောက်စွာ သတင်းထောက်လှမ်းတားဆီးစစ်ဆေးပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ ဆောင်ရွက်ကြဖို့လိုအပ်တယ်” လို့ ဒုဝန်ကြီးချုပ်ရာထူးလည်းရထားတဲ့ ဦးဝင်းရှိန်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ခန့်မှန်းတန်ဖိုး ကျပ် ၃၀၃ ဒသမ ၈၁၄ ဘီလီယံဖမ်းဆီးရမိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

 

ဒါ့အပြင် ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းပြီးနောက် တရားမဝင်ကုန်သွယ်မှုမှ ယခုနှစ် ဇွန်လအထိ ဖမ်းဆီးရမိအမှုတွဲ ၁၃,၅၅၀ ၊ ခန့်မှန်းတန်ဖိုးကျပ် ၂၇၅ ဒသမ ၁၂၆ ဘီလျံ ဖမ်းဆီးရမိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

 

မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုနဲ့ တရားမဝင်ကုန်သွယ်မှုတွေမှာ လာဘ်စားတတ်တဲ့ စစ်ကောင်စီလက်အောက်ခံ အရာရှိတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေရှိနေတယ်လို့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC