ဒီမိုး၊ ဒီရေ၊ ဒီဈေးနဲ့ အောင်လံက တောင်သူတွေရဲ့ သောက
မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ ကိုးရက်ဆက်ရွာသွန်းနေတဲ့မိုးကြောင့် တောင်သူဦးကြီးတွေ သောကပွေနေကြပါတယ်။
သူတို့ သောကပွေချင်လည်း ပွေစရာပင်။
ရိတ်သိမ်းခါနီး ပဲတီစိမ်းနဲ့ နှမ်းခင်းတွေ စိုက်ခင်းတော်တော်များများမှာ ဖြစ်ပေါ်လို့နေပါတယ်။
အောင်လံမြို့နယ်အရှေ့ဘက်ခြမ်းက စမ်းကလေး၊ မြို့လှ၊ ရေပြည့်၊ ညောင်အိုင်၊ ကျွန်းတိုင်း၊ ပစ္စဉ်တိုင်း၊ သီးကုန်း၊ ကိုင်းစု၊ ရွာမထုံး အပါအဝင် ကျေးရွာအများအပြားမှာ ဇူလိုင် ၂၄ ရက်နေ့ကစပြီး ယနေ့အထိ မိုးဆက်တိုက်ရွာနေတယ်လို့ အဲဒီဒေသခံတွေက ဆိုပါတယ်။
ဒါကြောင့် ပဲတီစိမ်းပင်တွေ လဲကျကုန်ပြီး အစေ့တွေ ပုပ်ကုန်တဲ့အပြင် နှမ်းခင်းတွေလည်း အသီးတွေ မသီးတော့ဘူးလို့ စမ်းကလေးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။
“ပဲတီစိမ်းက ကောက်ရတော့မှာလေ။ မိုးက ဆက်တိုက်ရွာနေတော့ အသီးတွေက အညှောင့်တွေပေါက်ကုန်ပြီ။ အောက်ကုန်တာပေါ့။ ကောက်(ခူး)ရမယ့် ရက်ချိန်းက ကျော်နေပြီ။ ကောက်ပြန်ရင်လည်း နေက မထွက်တော့ လှန်းလို့မရဘူးလေ။ နှမ်းခင်းတွေလည်း မသီးနိုင်တော့ဘူး။ အောင်လံတစ်နယ်လုံးပဲ” လို့ တောင်သူကြီးက ငြီးတွားပြောဆိုပါတယ်။
တစ်ဖက်မှာလည်း စိုက်ပျိုး တောင်သူတွေဟာ ပေါက်ဈေးမရဘဲ ကုန်သည်တွေရဲ့ ဈေးနှိမ်ခြင်းခံနေရပြန်ပါတယ်။
“ဈေးတွေက တောင်သူသီးနှံသိမ်းပြီဆို ကျပြီ” လို့ မြန်မာလူထု ကျေးဇူးရှင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ စမ်းကလေးရွာက တောင်သူဦးကြီးက ဖွင့်ဟပါတယ်။
အဲဒီထဲကမှ အောင်လံမြို့သီးနှံဈေးကွက်က တခြားမြို့ သီးနှံဈေးကွက်တွေထက် ပိုမိုဈေးနှိမ်လေ့ရှိတယ်လို့ သူ့အတွေ့အကြုံကို ဖောက်သည်ချပါတယ်။
လက်ရှိပဲတီစိမ်းတစ်တင်း ၆၀,၀၀၀ ကျပ်ဈေးပေါက်နေပေမဲ့ တောင်သူတွေရောင်းချိန်မှာ အဲဒီဈေးမရဘဲဖြစ်နေတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
“အရင်ရက်(ဇူလိုင် ၂၈)ကျွန်တော်တို့ဘေးရွာက ကောင်မလေးတစ်ယောက် ပဲတီစိမ်းရောင်းတာ စိုနေလို့ဆိုပြီး မဝယ်ဘူး။ ဈေးတွေနှိမ်နေလို့ အကုန် အိမ်ပြန်ယူလာရတယ်” လို့ ၎င်းက သက်သေယူ ဥပမာပေး ပြောပါတယ်။
အောင်လံမှာ အခုရွာနေတဲ့မိုးက သီးနှံဖျက်မိုးလို့ နောက်ထပ်တောင်သူကြီးတစ်ဦးက ညွှန်းဆိုပါတယ်။
အခုရွာနေတဲ့မိုးကြောင့် ပြလို့ကျေးရွာက သူ့စိုက်ခင်းတွေ ပျက်စီးခဲ့ရလို့ မိုးကို အပြစ်ဖို့ ပြောပါတယ်။
အဘယ်ကြောင့်ဆိုသော် နောက်သီးနှံ စပါးစိုက်လောက်အောင်ထိ ရွာနေတာမျိုးမဟုတ်ဘဲ သီးနှံကို ပုပ်စေတဲ့ မိုးဖွဲတွေအနေနဲ့ ရွာနေတာလို့ သူက ပြောပါတယ်။
“မိုးရွာတာက နေ့ရောညရော ဆက်တိုက်ရွာနေတာ။ လယ်ရေတော့ မရဘူး။ သဲကြီးမဲကြီးရွာတာမျိုးလည်း မဟုတ်ဘူး။ နေရောင်မမြင်ရတာ တစ်ပတ်ကျော်ပြီ” လို့ လက်ရှိရွာနေတဲ့ မိုးကောင်းကင်ကို ကြည့်ပြီး တီးတိုးပြောဆိုပါတယ်။
တဖန် အဲဒီလယ်သမားကြီးဟာ သူ့သီးနှံတွေ ရောင်းမထွက်မှာကိုလည်း တွေးပူလို့ နေပါသေးတယ်။
အဲဒီအကြောင်းအခုလိုပဲ ဖွင့်ဟပြောဆိုလာခဲ့ပြန်ပါတယ်။
“ကောက်(ခူး)ပြီးလည်း ဝယ်မယ့်သူတောင်ရှိပါ့မလား။ ပဲတီစိမ်းကောက်ရမယ့်ရာသီကို အဲဒီလိုရွာနေတော့ အကုန်ပျက်စီးကုန်တယ်” လို့ ရှေ့က လယ်ကွင်းပြင်ကိုကြည့်ပြီး ခပ်ညည်းညည်းပြောပါတယ်။
ဒါ့အပြင် တခြားတစ်ဖက်မှာလည်း လယ်ပိုင်ရှင်တွေကို သီးနှံတွေဖြစ်ပေါ်လာဖို့ အခြေခံလုပ်သားရှားမှု၊ လုပ်သားဈေးနှုန်းမြင့်တက်မှုနဲ့ ပိုးသတ်ဆေးဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကလည်း ဖိထောင်းခံနေရပါတယ်။
ဒါကြောင့် အရှုံးပေါ် အရှုံးဆင့်နေတဲ့ လယ်သမားတွေဟာ လယ်ပိုင်ရှင်ဆိုတဲ့ အမည်ခံသက်သက်သာရှိကြပါတော့တယ်။
အောင်လံက တောင်သူကြီးတစ်ဦးကတော့ အခုလို သူ့ရဲ့အတွေ့အကြုံကို ပြောကြားလာပါတယ်။
“ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ဒီလိုမိုးရွာလို့ ပဲတီစိမ်းတစ်တင်းကို ၆,၀၀၀ ကျပ်နဲ့ နွားစာအဖြစ် ရောင်းခဲ့ရတယ်။ အဲဒီလို ဖြစ်မလာပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်