ဥရောပထိပ်တန်းလိဂ်ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Author CJ Platform
Categories
Published on Dec 28, 2024

လက်စတာ – မန်စီးတီး (တနင်္ဂနွေည ၉ နာရီ)

 

နစ္စတယ်ရွိုင်းလက်ထက် အဖွင့် နှစ်ပွဲမှာ ရလဒ်ကောင်းခဲ့တဲ့ လက်စတာဟာ အဲဒီနောက်ပိုင်းမှာတော့ သုံးပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အဲဒီ သုံးပွဲမှာ တိုက်စစ်က တစ် ဂိုးသာရခဲ့ကာ ခံစစ်က ၁၀ ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဘောက်ဆင်ဒေးမှာ လက်စတာက လီဗာပူးလ်ကို ရှုံးခဲ့ပြီး ၀ုလ်ဗ်က မန်ယူကို အနိုင်ရသွားတာကြောင့် လက်စတာတို့ တန်းဆင်းဇုန်ထဲကို ရောက်သွားခဲ့ရပါတယ်။

လက်စတာဟာ အဲဒီအနေအထားကနေ ရုန်းထွက်လာနိုင်ဖို့ ကြိုးစားလာမှာပါ။ မန်စီးတီးကလည်း နောက်ဆုံး ၁၃ ပွဲမှာ နိုင်ပွဲ တစ်ပွဲသာ ရှိခဲ့ပြီး ဘောက်ဆင်ဒေးပွဲမှာလည်း အဲဗာတန်ကို အိမ်ကွင်းမှာသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ကင်းပါဝါမှာ ရုန်းကန်ရနိုင်ပေမယ့် မန်စီးတီးတို့ အနိုင် သုံးမှတ်ရသွားနိုင်ပါတယ်။

 

ခန့်မှန်းချက် – လက်စတာ ၁-၂ မန်စီးတီး

************************************

စပါး – ၀ုလ်ဗ် (တနင်္ဂနွေည ၉ နာရီခွဲ)

 

နောက်ဆုံး နှစ်ပွဲဆက် ရှုံးပွဲကြုံထားတဲ့ စပါးအနေနဲ့ နိုင်ပွဲပြန်ယူရမယ့် အချိန်တန်ပါပြီ။ ပိုစတီကို ဂလူးရဲ့စပါးဟာ နောက်ဆုံး ငါးပွဲမှာ တိုက်စစ်အစွမ်းပြတဲ့ပွဲ သုံးပွဲရှုံးခဲ့ပြီး ဆောက်သမ်တန်ကို ငါးဂိုးပြတ်အနိုင်ရခဲ့သလို၊  မန်ယူကို လေးဂိုး သုံးဂိုးနဲ့ အနိုင်ယူခဲ့ပြီး လီဗာပူးလ်ကို ရှုံးနိ့မ်ခဲ့တဲ့ပွဲမှာလည်း ခံစစ်ပိုင်းအမှားများခဲ့ပေမယ့် တိုက်စစ်က သုံးဂိုးအထိ ရခဲ့ပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ဘောက်ဆင်ဒေးပွဲမှာတော့ နော်တင်ဟမ်ဖောရက်စ်ကို ဂိုးမသွင်းနိုင်ဘဲ တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ၀ုလ်ဗ်ကလည်း နှစ်ပွဲဆက်အနိုင်နဲ့အတူ တန်းဆင်းဇုန်ထဲက ရုန်းထွက်လာခဲ့ပြီး ကြားရက်မှာ မန်ယူကို ဂိုးပြတ်အနိုင်ရခဲ့တာကလည်း သူတို့ကို ယုံကြည်မှုတိုးပွားစေမှာပါ။

 

မန်ယူနဲ့ပွဲမှာ ၀ုလ်ဗ်ရဲ့ကစားပုံဟာ ကျစ်လစ်မှုရှိပေမယ့် စပါးရဲ့ ရုန်းအားကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ စပါးနိုင်ပွဲပြန်ယူရမယ့် အချိန်ပါပဲ။

ခန့်မှန်းချက် – စပါး ၂-၀ ၀ုလ်ဗ်

************************************

ဝက်စ်ဟမ်း – လီဗာပူးလ် (တနင်္ဂနွေည ၁၁ နာရီ ၄၅ မိနစ်)

 

ဝက်စ်ဟမ်းက ကစားပုံတည်ငြိမ်ပြီး အသင်းကြီးတွေကို ခံကစားနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရှိတဲ့အသင်းပါ။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာလည်း တစ်ပွဲသာ ရှုံးနိမ့်ထားခဲ့ပြီး တိုက်စစ်က ဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲ မရှိခဲ့ပါဘူး။

 

လီဗာပူးလ်ကလည်း တကယ့်ကို ချန်ပီယံခြေစွမ်းမျိုး ပြသထားနိုင်တဲ့ အချိန်ပါ။ နောက်ဆုံး ငါးပွဲမှာ လေးပွဲနိုင်ပြီး တစ်ပွဲသရေကျထားပါတယ်။ နောက်ဆုံး နှစ်ပွဲမှာတင် တိုက်စစ်က ကိုးဂိုးအထိ သွင်းထားနိုင်တာကြောင့် လီဗာပူးလ်တိုက်စစ်ကို အိမ်ရှင်ဝက်စ်ဟမ်းတို့ ရေရှည်တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။

 

ဆာလားရဲ့ စွမ်းဆောင်ရည်ကလည်း သိပ်ကိုကောင်းမွန်နေတာမို့ လီဗာပူးလ်ကို တားဆီးဖို့ ခက်ပါတယ်။ လီဗာပူးလ်ရဲ့ အနိုင်ဟာ ပြတ်သားသွားဦးမှာပါ။

ခန့်မှန်းချက် – ဝက်စ်ဟမ်း ၀-၂ လီဗာပူးလ်

************************************

လာဇီယို – အတ္တလန္တာ (တနင်္ဂနွေ မနက် ၂ နာရီ ၁၅ မိနစ်)

 

လာဇီယိုဟာ အမှတ်ပေးဇယား အဆင့်လေးမှာ ရပ်တည်နေပြီး နောက်ဆုံး ငါးပွဲမှာတော့ အင်တာကို ခြောက်ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ပွဲကလွဲပြီး ကျန် လေးပွဲကို အနိုင် ကစားထားနိုင်ပါတယ်။

 

နာပိုလီကို နှစ်ပွဲဆက်အနိုင်ယူခဲ့သလို ယူရိုပါလိဂ်မှာလည်း အေဂျက်စ်ကို အဝေးကွင်းထိသွားပြီး ဂိုးပြတ်အနိုင်ရအောင် ကစားနိုင်ခဲ့လို့ လာဇီယိုရဲ့ ခြေစွမ်းဟာ လျှော့တွက်လို့ မရပါဘူး။

 

အတ္တလန္တာကလည်း စီးရီးအေပွဲစဉ် ၁၇ အပြီးမှာ ဇယားထိပ်က ဦးဆောင်ထားနိုင်တဲ့ အသင်းပါ။ ဒုတိယနေရာက နာပိုလီထက် နှစ်မှတ်ပဲ သာတာမို့ တစ်ပွဲခြေချော်ရုံနဲ့ ဆင်းပေးရမှဖြစ်လို့ အမှားအယွင်းခံမှာ မဟုတ်ပါဘူး။

 

နှစ်သင်းလုံးက တိုက်စစ်အားသန်တဲ့ အသင်းတွေဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရဖွယ်ရှိပြီး သရေနဲ့ အဆုံးသတ်သွားရင်လည်း အံ့ဩစရာမရှိပါဘူး။

ခန့်မှန်းချက် – လာဇီယို ၁-၁ အတ္တလန္တာ

 

************************************

အေစီမီလန် – ရိုးမား (တနင်္လာနံနက် ၂ နာရီ ၁၅ မိနစ်)

 

အိမ်ရှင် မီလန်က ဒဏ်ရာရကစားသမားတွေ များပြားနေခြင်းနဲ့အတူ ခြေစွမ်းယိမ်းယိုင်နေပြီး အမှတ်ပေးဇယား အဆင့်ရှစ်အထိ ရောက်နေတဲ့ အသင်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာတော့ သုံးပွဲနိုင်၊ တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားတာပါ။

 

တိုက်စစ်မှာ အားထားရတဲ့ ရာဖယ်လီယာအို ဒဏ်ရာရနေတာက မီလန်အတွက် စိတ်ပျက်စရာပါပဲ။ ရိုးမားကလည်း ဝါရင့်နည်းပြကြီး ရာနီရေးရီရဲ့လက်ထက်မှာ ခြေစွမ်းပိုင်း ပြန်လည်တည်ငြိမ်လာခဲ့ပြီး နိုင်သင့်နိုင်ထိုက်တဲ့ ပွဲမျိုးကို အနိုင်ရအောင် ကစားထားနိုင်ပါတယ်။

 

နောက်ဆုံး ငါးပွဲမှာ ကိုမိုကို ရှုံးခဲ့တဲ့ပွဲကလွဲရင် ကျန်တဲ့လေးပွဲကို ဂိုးပြတ်အနိုင်ရအောင် ကစားထားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအသင်းတွေဟာ မီလန်လောက် အဆိပ်မရှိတဲ့ အသင်းတွေချည်းပါပဲ။ အခုကစားရမယ့် ပွဲကလည်း အဝေးကွင်းဖြစ်နေတာဟာ ရိုးမားအတွက် ခက်ခဲပါလိမ့်မယ်။

 

ရိုးမားအတွက်တော့ မီလန်ကွင်းမှာ သရေထက်ပိုပြီး မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။ အကြိတ်အနယ်ကစားပြီး အိမ်ရှင် အေစီမီလန် နိုင်ပွဲရသွားနိုင်ပါတယ်။

ခန့်မှန်းချက် – အေစီမီလန် ၁-၀ ရိုးမား

 

************************************

 

#ဓာတ်ပုံ – Opta, Twitter