“ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Oct 28, 2024

မုန်တိုင်းထရမ်မီ ပျက်ပြယ်တော့မယ်

 

 

“မိုးကြီးနိုင်တဲ့ ဒေသများ”

 

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်ထရမ်မီရဲ့အရှိန်ကြောင့် ဒီကနေ့ ညနေပိုင်းအထိ တနင်္သာရီတိုင်းတစ်ခုမှာပဲ နေရာကွက်ပြီး မိုးများနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ ပိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ရာနှုန်းပြည့်ရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ဆိုထားပါတယ်။

 

“မုန်တိုင်းထရမ်မီ အခြေအနေ”

 

အပူပိုင်းမုန်တိုင်း “ထရမ်မီ”(TRAMI)ဟာ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကို ရောက်ရှိခဲ့ပြီး အဲဒီကနေ အရှေ့ဘက်ကို ဖြည်းညှင်းစွာရွေ့လျားပြီးနောက် တောင်တရုတ်ပင်လယ်ပြင်ထဲကို ရောက်လာတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

 

လတ်တလော မုန်တိုင်းထရမ်မီအပြင် အရှေ့ဖိလစ်ပိုင်ပင်လယ်မှာလည်း ကောင်ရေး(KONG-REY)အမည်ရှိ မုန်တိုင်းတစ်ခုဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

 

မုန်တိုင်းထရမ်မီကတော့ မကြာခင်အချိန်အတွင်း အားပျော့ပျက်ပြယ်သွားတော့မှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့ အောက်တိုဘာ ၂၇ ရက် ညပိုင်းမှာ အသိပေးထားပါတယ်။

 

မုန်တိုင်း KONG-REY ကတော့ တောင်တရုတ်ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ရွေ့လျားသွားမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ သိရပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

 

တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေကနေ ခုနစ်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

 

တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ