ထိုင်းကနေ မြန်မာထဲ လူကုန်ကူးခံရတဲ့ နိုင်ငံကိုးခုက လူ ၁၀၀ ကျော်ကို ကူညီပေးဖို့ ထိုင်းအစိုးရဆီ တောင်းဆို

Author အဂ္ဂ
Categories
Published on Oct 28, 2024

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို လူကုန်ကူးခံရပြီး တရားမဝင်အလုပ်တွေ ခိုင်းစေခံနေရတဲ့ နိုင်ငံကိုးခုမှ ထိခိုက်နစ်နာသူအယောက် ၁၁၀ ကို ကူညီပေးဖို့ ထိုင်းအစိုးရဆီ အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုက အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

လူကုန်ကူးခံရသူများကူညီထောက်ပံ့ရေးကွန်ရက်ကနေ ဝန်ကြီးချုပ် ဖယ်ထောင်တန် ရှင်နာဝပ်ထရာဆီ လိပ်မူတဲ့ အိတ်ဖွင့်ပေးစာထဲမှာ နိုင်ငံကိုးခုက လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံ တက်ခရိုင်နဲ့ ကပ်လျက် မြန်မာဘက်ခြမ်းက မြဝတီမြို့မှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အလုပ်ကောင်းတွေပေးမယ်ဆိုတဲ့ သွေးဆောင်မှုကို ခံခဲ့ရတယ်လို့ ဖော်ပြထားသလို သူတို့တွေ ကြုံတွေ့ခံစားနေရတဲ့အခြေအနေကိုလည်း ထုတ်ဖော်ရေးသားထားပါတယ်။

 

လူကုန်ကူးသူတွေဟာ သူတို့ကို မက်မောလောက်စရာ အလုပ်အကိုင်တွေနဲ့ ကမ်းလှမ်းခဲ့ပြီး ထိုင်းနိုင်ငံကို လာရောက်ဖို့ ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲ ရောက်လာတဲ့အခါမှာလည်း လစာကောင်းကောင်းပေးမယ်လို့ ကတိပေးခဲ့ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ခရီးစရိတ်တွေကိုလည်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကနေတစ်ဆင့်  မြန်မာဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ခိုင်းခဲ့ပြီး မြန်မာဘက်ရောက်တဲ့အခါ သူတို့ရဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းယူခံလိုက်ပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ခိုင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

စာထဲမှာ ထိခိုက်နစ်နာသူတွေ ရင်ဆိုင်ရတဲ့ ရိုက်နှက်ညှဉ်းပန်းခံရမှုတွေအကြောင်းလည်း ဖော်ပြထားပါတယ်။ ဖမ်းဆီးထားသူတွေက သူတို့မိသားစုတွေကိုလည်း ဆက်သွယ်ပြီး ငွေတောင်းခံခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ လူကုန်ကူးခံရသူ အယောက် ၁၁၀ လုံးဟာ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ တိုးတက်သောဗုဒ္ဓဘာသာ  ကရင်အမျိုးသားတပ်ဖွဲ့(DKBA) ထိန်းချုပ်ရာဒေသတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

 

လူကုန်ကူးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃၆ ဦးနဲ့ မော်ရိုကိုနိုင်ငံသား တစ်ဦးတို့ဟာ BGF ထိန်းချုပ်ရာဒေသမှာရှိပြီး ကျန်တဲ့သူတွေကတော့ DKBA ထိန်းချုပ်ရာဒေသတွေမှာ ရှိနေတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

 

BGF ဟာ သူတို့လုပ်ငန်းတွေအတွက် ရံပုံငွေရှာဖို့ ဖုန်းနဲ့ လိမ်လည်တဲ့စင်တာတွေ လုပ်ကိုင်တာအပါအဝင် ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။ DKBA ကတော့ ကာစီနိုလောင်းကစားရုံတွေ အများအပြား တည်ရှိတဲ့ မြဝတီဒေသတချို့ကို ထိန်းချုပ်ထားပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနတွေက လူကုန်ကူးမှုထောင်ချောက်ထဲ ကျနေတဲ့ သူတို့နိုင်ငံသားတွေကို ကူညီပေးဖို့ အာဏာပိုင်တွေကို ဆက်သွယ်တောင်းဆိုထားတယ်လို့လည်း အဲဒီကွန်ရက်က ထောက်ပြထားပါတယ်။

 

အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု(United States Institute of Peace)ရဲ့ မေလ အစီရင်ခံစာကို ကိုးကားပြီး ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအိုနိုင်ငံတွေမှာရှိတဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ ဘီလျံ ရရှိနေတယ်လို့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

 

လူကုန်ကူးသူတွေက ထိုင်းနိုင်ငံကို ဖြတ်သန်းရာလမ်းကြောင်းအဖြစ် အသုံးပြုနေတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ဒီပြဿနာကို လျစ်လျူရှုလို့ မရနိုင်ဘူးလို့ ကွန်ရက်က အလေးထားဖော်ပြခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

 

“၂၀၂၅ ကနေ ၂၀၂၇ သက်တမ်းအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာမယ့် ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ဖို့နဲ့ နယ်စပ်တစ်လျှောက် လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ထိခိုက်နစ်နာသူတွေကို ကူညီဖို့အတွက် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ သူ့ရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ပါတယ်” လို့လည်း စာထဲမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Bangkok Post

 

ကိုးကား – Thaiger