စစ်တပ်က မိုးဗြဲရေကာတာ ရေတံခါးကို ဖောက်ချလိုက်တာကြောင့် စစ်ရှောင်တွေရဲ့ လယ်ယာတွေ ပျက်စီးကာ လူတစ်ထောင်ခန့် ရေဘေးတွေ့နေ  


ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်က ဇူလိုင် ၂၅ရက်နေ့ မနက်ပိုင်းက စပြီး မိုးဗြဲရေကာတာ ရေတံခါး ဖောက်ချမှုကြောင့် ဘီလူးချောင်းရေ မြင့်တက်လာခဲ့ပြီး စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ ကျေးရွာတွေ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ကာ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့် အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက CJ Platform ကို ပြောပါတယ်။

မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၂၂) က မိုးဗြဲရေကာတာကို ဖွင့်ချခဲ့တာကြောင့် ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ဘေးရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ရေနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရတာပါ။

“ရေကို သက်သက်လွတ်ချတာလား ရေကိုမထိန်းနိုင်လို့လား ဆိုတာကတော့ သက်သက်မဲ့လုပ်တာလို့ပဲ မြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒါက သူတို့ နှစ်စဉ် လုပ်မြဲအလုပ်တစ်ခုလိုပဲလေ။ လောလောဆယ်ထိတော့ တစ်ထောင်ဝန်းကျင်လောက်တော့ ရွှေ့ပြောင်းနေရတယ်” လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် ရွှေ့ပြောင်းနေထိုင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အမိုးအကာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ဘီလူးချောင်းရေဟာ ရှစ်ပေအထိ မြင့်တက်သွားခဲ့ပြီး မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ရေတံခါးဖောက်ချပြီး ရေကြီးရေလျှံမှု ဖြစ်စေအောင်ပြုလုပ်တဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်ဟာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ ဒေသခံ တောင်သူ၊လယ်သမားတွေနဲ့ ပြည်သူတွေ အတိဒုက္ခရောက်စေဖို့ တမင် လုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်တွေက သုံးသပ် ပြောဆိုကြပါတယ်။

ရေကြီးရေလျှံမှုကြောင့်ပဲ စစ်ဘေးဒုက္ခသည်တွေအပါအ၀င် စိုက်ပျိုးထားတဲ့ ဘီလူးချောင်း တာရိုးတစ်လျှောက်က လယ်ယာမြေစိုက်ပျိုးရေး လုပ်စားကွက်တွေ ရေနစ်မြုပ်သွားတယ်လို့ လဲ သိရပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေက လူသားချင်းစာနာမှု အထောက်အပံ့တစ်ခုတည်းနဲ့ မဖူလှုံကြတော့ ကိုယ့်လယ်ယာတောင်ယာရှိရာကို ရွေ့ပြောင်းနေထိုင်ကြရင်း ခုလိုစကစက ရေကိုလွတ်ချလိုက်တော့ တဖန်ထပ်မံ ရွှေ့ပြောင်းကြရတာပေါ့။လယ်မြေဧကတော့ ခန့်မှန်းခြေ ၁၀၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်” လို့ မိုးဗြဲစစ်ဘေးရှောင်ကော်မတီ (MB – IDPC)တာ၀န်ရှိသူတစ်ဦးက ခန့်မှန်း ပြောဆိုခဲ့ပါတယ်။

 

စစ်ကောင်စီတပ်ရဲ့ ရေကာတာဖောက်ချတဲ့ နေ့ကစပြီး နောက် ၃ ရက်အတွင်း ရေ ထပ်မံ မြင့်တက်လာနိုင်တာကြောင့် အရေးပေါ်အကူအညီအတွက် ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန  ကို ဆက်သွယ်နိုင်ပါကြောင်း ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်အသိပေးထားပါတယ်။

 

 

ဓာတ်ပုံ -မိုးဗြဲစစ်ဘေးရှောင်ကော်မတီ (MB – IDPC)