စစ်ရေးတင်းမာနေသည့် တောင်ကုတ်မြို့ပေါ်တွင် မြို့နေ သုံးပုံနှစ်ပုံမှာ စစ်ဘေးကြိုတင်ရှောင်တိမ်းနေကြပြီး မြို့ပေါ်တွင် ပြည်သူအချို့ ပိတ်မိနေဆဲဖြစ်

Author လင်းနွေဦး
Categories
Published on Apr 27, 2024

ရခိုင်ပြည်၊တောင်ပိုင်းဒေသရှိ တောင်ကုတ်မြို့ပေါ်တွင် စစ်‌ဖြစ်မည်စိုးသဖြင့် တိမ်းရှောင်သူများပြားနေရာမှ လက်ရှိမြို့ပေါ်တွင် လူဦးရေ သုံးပုံ တစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

ရခိုင်ပြည်ဒေသအနှံ့အပြားတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး လက်ရှိတွင် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲ မြို့များတွင် နေ့စဉ်ဆိုသလို တိုက်ပွဲများပြင်းထန်လျက်ရှိသဖြင့် နယ်မြေနီးစပ်သည့် တောင်ကုတ်မြို့ပေါ်တွင် တိုက်ပွဲများ ကူးစက်လာမည်စိုးသဖြင့် တိမ်းရှောင်သူများပြားလာခြင်းဖြစ်သည်ဟု တောင်ကုတ်ဒေသခံတစ်ဦးမှ ဆိုသည်။

 

“ခုဆို တောင်ကုတ်မှာ လူမရှိတော့လေ။ မြို့က လူဦးရေ ရဲ့ သုံးပုံတစ်ပုံက မရှိတော့ဘူး၊ ကျွန်မတို့ အိမ်နားမှာ ၅ အိမ်ရှိတာ၊ ကျွန်မတို့ တစ်အိမ်ပဲ ကျန်တော့တယ်။ ပြင်စရာရှိတာတော့ ပြင်ထားရတာပေါ့။ ခုချိန်က ဘာဖြစ်လာမလဲဆိုတာ မပြောတတ်လေ။ နေတတ်အောင်နေရတယ်။”ဟု အသက် ၃၅ နှစ်အရွယ် တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးမှ CJ PLatform သို့ပြောသည်။

 

မြို့ပေါ်မှ တိမ်းရှောင်သူများအနက် ငွေကြေးတတ်နိုင်သူများအနေဖြင့် ရန်ကုန်မြို့နှင့် ပြည်မြို့တို့တွင် အခန်းများဌားရမ်းနေထိုင်ကြပြီး အချို့မှာ ရမ်းဗြဲမြို့နယ် ကျောက်ဖြူခရိုင် ရှိ တောင်ကုတ်မြို့အနီး မကျီးကျွန်း၊ ကျောက်နီမော်၊ စကု ကျွန်းမ တို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း မြို့တွင်းကျန်ရှိသည့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

လက်ရှိတွင် တောင်ကုတ်မြို့နှင့် သံတွဲမြို့ကြား ရွှေလှေဘက်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ တောင်ကုတ်-သံတွဲလမ်း၊ တောင်ကုတ်-ပြည်လမ်းအား လုံခြုံရေးအရ စစ်ကောင်စီမှ ပိတ်ဆို့ထားပြီး တော်ကုတ်မြို့ပတ်လည်ရှိ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်သော လှုပ်ရှားမှုများကို စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများမှ လုပ်ဆောင်နေကာ ၎င်းတို့နှင့် ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲများပြင်းထန်နေသဖြင့် ည(၇)နာရီမှ နံနက် (၆)နာရီအချိန်ထိ ညမထွက်ရ အမိန့်အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) မှ ယမန်နေ့ ဧပြီ ၂၆ နေ့တွင် ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်