အောက်မင်းလှတွင် ပေါ်တာဆွဲသည်ဟု သတင်းမှားဖြန့်ပြီး အုပ်ချုပ်ရေးမှူးများက ငွေညှစ်

Published on Apr 27, 2024

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက စစ်ကောင်စီတပ်သားများက ပေါ်တာဆွဲနေသည်ဟု သတင်းမှားများဖြန့်ကာ ငွေညှစ်နေကြောင်း ယင်းဒေသခံများက ပြောသည်။

 

မင်းလှမြို့နယ်ရှိ စိန်ကန့်လန့်အုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်တပ်လော်ဘီများက ဧပြီလ ၂၄ ရက်နေ့က ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားများကို ခေါ်ဆောင်လာပြီး ပေါ်တာဆွဲမည်ဆိုသောကြောင့် ကျေးရွာအတွင်းရှိဒေသခံများမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု မင်းလှဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

“အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ စစ်တပ်လော်ဘီတွေက စစ်သားတွေရွာထဲခေါ်လာပြီး ပေါ်တာဆွဲမယ် လုပ်တာပေါ့။ ဝါဒဖြန့်တာပေါ့။ အကုန်လုံးက ထွက်ပြေးကြတာ။ ကြောက်လန့်ပြီး တကယ်က မဆွဲသေးဘူး။ ငွေညှစ်ဖို့လုပ်တာ” ဟု ၎င်းက ပြောသည်။

 

ထိုကဲ့သို့ ဝါဒဖြန့်ပြီးနောက်ပိုင်း ကျေးရွာသူ/သားများကို တစ်အိမ်လျှင် ကျပ်တစ်သောင်းမှ နှစ်သောင်းခွဲပေးပါက စစ်ကောင်စီတပ်သားများနှင့် ညှိနှိုင်းပေးမည်ဆိုကာ အုပ်ချုပ်ရေးမှူးများက ငွေတောင်းနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းမြို့နယ်အတွင်းရှိ ဘွတ်စိန်ပု၊ ညောင်သုံးပင်၊ ပက်တန်းကြီး၊ ချောင်းနား၊ တော်ကမန်ကျေးရွာများတွင် ငွေတောင်းခံသည်ကို မပေးရန် ပြောဆိုသူများကို ဖမ်းမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်ဟု ယင်းရွာခံများထံမှ သိရသည်။

 

“ကျွန်တော်က မကြောက်ကြနဲ့။ သူတို့ငွေညှစ်ဖို့လုပ်နေတာ။ ငွေမပေးကြဖို့ ပြောတာပေါ့။ ဒါပေမဲ့ အဲဒီလို ပြောတဲ့သူ၊ ဦးဆောင်တဲ့သူကို ဖမ်းမယ်လို့ သူတို့ကပြောတယ်” ဟု အဆိုပါအခြေအနေများကိုသိရှိသူ ယင်းဒေသခံက ပြောသည်။

 

အိမ်ခြေတစ်ထောင်ကျော်ရှိသော လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ ရေစက်တန်းရပ်ကွက်တွင် ဧပြီလ ၂၃ ရက်နေ့မှစ၍ တစ်လ ငါးထောင်ကျပ်နှုန်း ငွေကြေးကောက်ခံနေပြီဖြစ်ကြောင်း ယင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

 

သို့သော် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ပိုက်ဆံခွဲဝေယူရာတွင် ဒေသခံအချို့က ကောက်ခံရရှိငွေများကို စစ်ကောင်စီတပ်သားများထံ သွားပေးသည်ဟု ပြောကြသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်နီးစပ်သူအချို့ကမူ စစ်ကောင်စီတပ်သားများက မယူကြောင်း ဒေသခံများက CJ Platform သို့ အမျိုးမျိုးပြောဆိုကြသည်။

 

“အဲဒီရုံးက ဗိုလ်မှူးကတော့ ပြောတာပဲ။ သူတို့က အဲဒီလိုမလုပ်(ငွေမကောက်)ခိုင်းဘူးလို့ပြောတယ်။ နှစ်ကျပ်ကွက် နင်းနေတာလည်း ဖြစ်မှာပေါ့” ဟု ယင်းဒေသရှိ စစ်ကောင်စီတပ်နှင့်နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

 

ထို့ပြင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

 

ဧပြီလ ၂၁ ရက်နေ့မှစ၍ စစ်ကွင်းမြို့ရှိ ‘မင်းမင်း’ဆန်စက်အနီးတွင် ၁၀ ဦး၊ ငှက်ပျောတုံးကျေးရွာတွင် ၁၀ ဦး၊ စပ်ဖားရိုးတွင် ၂ ဦး ရှမ်းတောတွင် ၄ ဦး၊ ကွင်းကြီးတောင်စုတွင် ၂ ဦး၊ ကွင်းကြီးမြောက်စုတွင် ၁ ဦး နှင့် သင်တောရိုးတွင် ၂ ဦး စုစုပေါင်း ၃၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ယင်းအခြေအနေများကို သိရှိထားသူ အသက် ၃၀ အရွယ်ခန့်ရှိ မင်းလှဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

ထို့ပြင် ယင်းမြို့နယ်၊ ရှားတောရွာအုပ်စု၊ တော်ကမန်ကျေးရွာ ရာအိမ်မှူး ဦးစိန်ဝင်းက စစ်မှုထမ်းကိစ္စကြောင့်ထွက်ပြေးပါက သားသမီးမရှိလျှင် မိဘကို ဖမ်းမည်ဖြစ်ပြီး မိဘကပါ ထွက်ပြေးပါက အိမ်ကိုချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

 

ပဲခူးတိုင်း(အနောက်ခြမ်း)မြို့နယ်များဖြစ်သော မင်းလှ၊ အုတ်ဖိုတို့အပါအဝင် အရှေ့ခြမ်းက ဖြူးမြို့တို့တွင် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးများက ဒေသခံများကို ငွေညှစ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်