လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေသော ဘူးသီးတောင်၊ မောင်တောဒေသတွင် ညမထွက်ရအမိန့် ULA/AA ထုတ်ပြန်

Author လင်းနွေဦး
Categories
Published on Apr 27, 2024

လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေသော ရခိုင်ပြည်၊ ဘူးသီးတောင်-မောင်တောဒေသများတွင် ညမထွက်ရအမိန့် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ယမန်နေ့ ဧပြီ ၂၆ ရက် ညပိုင်းက ထုတ်ပြန်လိုက်သည်။

 

စစ်ကောင်စီက လူမျိုးရေးပဋိပက္ခများဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများအပြင် စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ ပြည်သူလူထုတို့၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်လုပ်ရပ်များ ပြုလုပ်လာမှုကြောင့် ယမန်နေ့ ဧပြီ ၂၆ ရက်နေ့မှစတင်ကာ ညမထွက်ရအမိန့်ကို ULA/AA က ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

လတ်တလော ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲ မြို့များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ စကခ(၁၅)ကို ရက္ခိုင့်တပ်တော် (AA)က အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

 

ထိုသို့တိုက်ခိုက်နေခြင်းအပေါ် စစ်ကောင်စီမှ မတူညီသော လူ့အဖွဲ့အစည်းများကြားတွင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်းတီးနေမှုများကြောင့် ယခုကဲ့သို့ ည(၇)နာရီမှ နံနက်(၆)နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ULA က ဆိုသည်။

 

ဘူးသီးတောင်၊ မောင်တောဒေသအတွင်း စစ်ကောင်စီနှင့် AA တို့ကြား အပြန်အလှန် လူမျိုးရေးပဋိပက္ခများဖန်တီးနေသည်ဟု နှစ်ဖက်ပြောခွင့်ရ ခေါင်းဆောင်အသီးသီးက စွပ်စွဲပြောဆိုထားကြသည်။

 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၁၃ ရက်နေ့တွင် AA အနေဖြင့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပြီး ဘူးသီးတောင်မြို့က မွတ်ဆလင်များထွက်သွားစေရန် စာများဖြန့်ဝေခဲ့ကြောင်း၊ မတ်လ ၂၃ ရက်နေ့တွင် AA ဘက်က ညောင်ချောင်း၊ စိမ်းညှင်းပြား၊ ဂူဒါပြင်က မွတ်စလင်များကို AA ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြရန် အတင်းအကျပ်စေခိုင်းခဲ့သလို မလာသည့်ရွာများကိုလည်း ခြိမ်းခြောက်စာပို့ခဲ့ကြောင်း ဧပြီ ၁၉ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

 

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကလည်း စစ်ကောင်စီဘက်က စွပ်စွဲချက်များကို ငြင်းဆိုထားသကဲ့သို့ ဧပြီ ၁၇ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ သရက်အုတ်ကျေးရွာ၊ အဘူဂျာဟမ်းမလတ်မှ ရိုဟင်ဂျာ ငါးဦးကို AA မှ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ တည်ထောင်သူ ဦးနေဆန်းလွင်၏ ပြောကြားချက်အပေါ် AA အဖွဲ့နှင့် လုံးဝပတ်သက်မှုမရှိကြောင်း ငြင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်မှုပြဿနာများကြီးထွားလာမှုသည် ရခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်လာသဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည့် ဧပြီ ၂၆ ရက်နေ့မှစ၍ ထုတ်ပြန်ချက်ကို ရုတ်သိမ်းကြောင်းမထုတ်ပြန်မချင်း ဘူးသီးတောင်နှင့် မောင်တောဒေသတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မပျက်မကွက်လိုက်နာကြရန် အသိပေးမေတ္တာရပ်ခံကြောင်း၊ လိုက်နာရန် ပျက်ကွက်သူများကိုလည်း ထိုက်တန်သော အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သတိပေးထုတ်ပြန်သည်။

 

ဓာတ်ပုံ- ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)