◾ ရော်နယ်ဒိုနဲ့ အမ်ဘတ်ပေတို့ ဂိုးမသွင်းခဲ့ကြပေမဲ့ နောက်တစ်ဆင့်တက်သွားကြတဲ့ ပြင်သစ်နဲ့ ပေါ်တူဂီ ◾ကွာတားမှာ ဘယ်အသင်းတွေနဲ့ တွေ့ကြမလဲ?

Author မောင်ရှမ်း
Categories
Published on Jul 02, 2024

ပြင်သစ် ၁ – ဝ ဘယ်လ်ဂျီယံ

 

ပြင်သစ်နဲ့ ဘယ်လ်ဂျီယံပွဲစဉ်ကတော့ ပရိသတ်တွေမျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ ပြင်သစ်ကပဲ အသာစီးနဲ့ကစားသွားခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပြင်သစ်ဟာ တစ်ပွဲလုံးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လ်ဂျီယံကို ထိုးဖောက်ကစားနေနိုင်ခဲ့ပြီး အဆုံးသတ်မှာတော့ လိုအပ်နေတဲ့အနိုင်ဂိုးကို ရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပြင်သစ်ဟာ တိုက်စစ်ပိုင်းမှာ ဒမ်ဘီလီကိုအနားပေးခဲ့ပြီး အမ်ဘတ်ပေ၊ မားကပ်စ်သူရမ်နဲ့ ဂရစ်ဇ်မန်းတို့ကို ပွဲထုတ်ခဲ့ပါတယ်။ ဒီတိုက်စစ်အတွဲဟာ လိုအပ်သလို နေရာအပြောင်းအလဲလုပ်ပြီး နားလည်ရှိရှိနဲ့ ဘယ်လ်ဂျီယံခံစစ်ကြောင်းကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။

 

ဘယ်လ်ဂျီယံကတော့ ဒီနေ့မှာ ၄-၄-၂ ပုံစံကို အသုံးပြုခဲ့ကာ ညာခြမ်းမှာတော့ ထရော့ဆက်ဒ်ကိုအနားပေးခဲ့ပြီး ကာရက်စ်ကို ကို ပွဲထုတ်ခဲ့ကာ ဘယ်ခြမ်းတိုက်စစ်မှာ ဒိုကိုနဲ့ ရှေ့တန်းမှာတော့ အိုပန်ဒါနဲ့ လူကာကူကို တွဲဖက်ပေးထားခဲ့တာပါ။ သူတို့နောက်မှာတော့ ဒီဘရိုင်းက ရှိနေခဲ့ပါတယ်။ ကန်တီ၊ ရာဘီယော့တ်၊ ချူအာမန်နီတို့ရဲ့ကွင်းလယ်ဟာ ဘယ်လ်ဂျီယံကို အသာစီးရယူနိုင်ခဲ့သလို ဂိုးကန်သွင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အဆုံးသတ်ပိုင်းအားနည်းချက်တွေကြောင့်သာ ဂိုးမရခဲ့တာပါ။

 

ဘယ်လ်ဂျီယံကတော့ တန်ပြန်တိုက်စစ်ကိုပဲ အားကိုးခဲ့ပြီး ကာရက်စ်ကိုရဲ့ ရုန်းအားကလည်း ပြင်သစ်ခံစစ်ကြောင်းကို ဖိအားပေးနိုင်ခဲ့တာမြင်တွေ့ရပါတယ်။ ပြင်သစ်ဟာ ဒီပွဲမှာ လူစားလဲမှုတစ်ကြိမ်ပဲ ပြုလုပ်ခဲ့တာပါ။ အဲဒီလူစားလဲမှုကနေပဲ အနိုင်ဂိုးဟာ ဖြစ်တည်လာခဲ့ပါတယ်။ မားကပ်စ်သူရမ်အစားဝင်လာခဲ့တဲ့ ကိုလိုမူအာနီရဲ့ ပွဲချိန် ၈၅ မိနစ်က ကန်ချက်ဟာ ဘယ်လ်ဂျီယံဝါရင့်နောက်ခံလူ ဗာတွန်ဂန်နဲ့ထိပြီး  ဂိုးဝင်သွားခဲ့ပါတယ်။ ဒါဟာ ပြင်သစ်အတွက် ဒုတိယမြောက် OG ဂိုးနဲ့နိုင်တဲ့ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။ ပထမဆုံး ယူရိုပွဲစဉ် ဩစတီးယားနဲ့ပွဲမှာလည်း ၃၈ မိနစ်မှာရတဲ့ OG ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပြိုင်ပွဲတွေထဲ ဂိုးသွင်းအားကောင်းခဲ့တဲ့ ပြင်သစ်ဟာ ၂၀၂၄ ယူရိုပြိုင်ပွဲမှာတော့ လေးပွဲကစားပြီးချိန်မှာ OG နှစ်ဂိုးဖယ်လိုက်ပါက အမ်ဘတ်ပေက ပင်နယ်တီကနေ တစ်ဂိုးပဲရထားတာဖြစ်ပါတယ်။

 

ပေါ်တူဂီ ဝ – ဝ (၃-ဝ) ဆလိုဗေးနီးယား

 

ရော်နယ်ဒိုရဲ့ ပေါ်တူဂီကတော့ ဒီနှစ်ယူရိုပြိုင်ပွဲမှာ ပွဲချိန်အတွင်း အနိုင်အရှုံး အဖြေမပေါ်ခဲ့ဘဲ ပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့ ပထမဆုံးပွဲစဉ်ဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီရဲ့ တိုက်စစ်ကြယ်ပွင့်တွေဖြစ်တဲ့ ရာဖေးလ် လီယာအို၊ ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ ရော်နယ်ဒိုတို့ရဲ့ တိုက်စစ်ဆင်မှုတွေကို စနစ်တကျ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဆလိုဗေးနီးယားရဲ့ ဗျူဟာကိုလည်း ချီးကျူးရမှာပါ။

ဒီပွဲကတော့ ရော်နယ်ဒိုအတွက် ဒရာမာတွေများခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း သရေကျနေတာကြောင့် အချိန်ပိုကစားခဲ့ရာမှာတော့ ၁၀၅ မိနစ်အရောက်မှာ ပေါ်တူဂီတို့ ပင်နယ်တီရရှိခဲ့ပြီး ရော်နယ်ဒိုကိုယ်တိုင်ကန်သွင်းခဲ့ပေမဲ့ ဆလိုဗေးနီးယားအသင်းခေါင်းဆောင် ဂိုးသမား ဂျန် အော့ဘလက်က ကာကွယ်ပေးနိုင်ခဲ့တာပါ။ ဒါကြောင့် ရော်နယ်ဒိုဟာ လေးပွဲဆက် ဂိုးပေါက်ပျေက်နေဆဲဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ ပင်နယ်တီအဆုံးအဖြတ် ခံယူရမယ့်အထိ ဖြစ်လာခဲ့ပြီး ပေါ်တူဂီဘက်က ရော်နယ်ဒို၊ ဘရူနိုနဲ့ ဘာနာဒိုတို့က ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမဲ့ ဆလိုဗေးနီးယားရဲ့ ကန်သွင်းမှု ၃ ကြိမ်လုံးကို ပေါ်တူဂီဂိုးသမား ဒီယေဂို ကော်စတာက ကာကွယ်ပြီး သူရဲကောင်းဖြစ်သွားခဲ့တာပါ။

 

ဒါကြောင့် ပေါ်တူဂီတို့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာတော့ တစ်ဖက်က ဘယ်လ်ဂျီယံကို ကျော်ဖြတ်လာတဲ့ ပြင်သစ်နဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – UEFA EURO 2024