“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (အောက်တိုဘာ ၂၁ ရက်မှ ၂၆ ရက်အထိ)

Published on Oct 27, 2024

“ကျပ်ငွေကျပြီး နိုင်ငံခြားငွေဈေးတွေ တက်”

 

ဒီတစ်ပတ်ထဲ စစ်ကောင်စီဗဟိုဘဏ်က အဓိကနိုင်ငံခြားငွေတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ၊ ယွမ်နဲ့ ဘတ်ငွေတွေ သန်းရာနဲ့ချီထုတ်ရောင်းခဲ့ပေမဲ့ ကျပ်ငွေဈေးကျဆင်းပြီး နိုင်ငံခြားငွေဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

 

အောက်တိုဘာ ၂၁ ရက် တနင်္လာနေ့ကစပြီး အမေရိကန်တစ်ဒေါ်လာ ၃၅၅၆ ကျပ်နှုန်းနဲ့ ၂ ဒသမ ၂ သန်းကျော်ရောင်းပေးခဲ့သလို တရုတ်တစ်ယွမ် ၅၂၂ ကျပ်နှုန်းနဲ့ ၁ ဒသမ ၅၅ သန်းကျော်ရောင်းပေးခဲ့ပါတယ်။

 

အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၆၁ ကျပ်နှုန်းနဲ့ ၇ ဒသမ ၅၆ သန်းကျော်ရောင်းပေးခဲ့သလို ထိုင်းတစ်ဘတ် ၁၁၆ ကျပ်နှုန်းနီးပါးနဲ့ သန်း ၁၅၀ လောက်ရောင်းပေးခဲ့ပါတယ်။

 

ကြာသာပတေးနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၆၄ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၁၃၀,၀၀၀ ကျော်ရောင်းပေးခဲ့သလို ထိုင်းတစ်ဘတ် ၁၂၀ ကျပ်ကျော်နဲ့ ၈ ဒသမ ၂ သန်းကျော်ရောင်းပေးခဲ့ပါတယ်။

 

သောကြာနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၆၈ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ သန်း ၂၀ ရောင်းပေးခဲ့သလို တရုတ်တစ်ယွမ် ၅၂၃ ကျပ်နှုန်းကျော်နဲ့ ယွမ်ရှစ်သိန်းကျော်ရောင်းပေးခဲ့တဲ့အပြင် ထိုင်းတစ်ဘတ် ၁၂၀ ကျပ်ကျော်နဲ့ ၂၁၀,၀၀၀ ကျော်ရောင်းပေးခဲ့ပါတယ်။

 

တစ်ပတ်လုံးအတိုင်းအတာအရ ကန်ဒေါ်လာသန်း ၃၀ လောက်၊ တရုတ်ယွမ် နှစ်သန်းကျော်နဲ့ ထိုင်းဘတ် ၁၅၈ သန်းကျော် စစ်ကောင်စီဗဟိုဘဏ်က FX အွန်လိုင်းဈေးကွက်ကနေ ရောင်းချပေးခဲ့ပါတယ်။

 

ဒါပေမဲ့ နိုင်ငံခြားငွေဈေးတွေဟာ အင်္ဂါနေ့ကစပြီး တောက်လျှောက်မြင့်တက်ခဲ့ပြီး ကြာသာပတေးနေ့မှာ ကန်တစ်ဒေါ်လာ ၄၈၀၀ ကျပ်အထိ အမြင့်ဆုံးရောက်ခဲ့သလို ထိုင်းတစ်ဘတ် ၁၄၀ ကျပ်နီးပါးနဲ့ တရုတ်တစ်ယွမ် ၆၆၅ ကျပ်အထိ အဲဒီနေ့မှာမြင့်တက်ခဲ့ပါတယ်။

 

သောကြာနဲ့ စနေနေ့တွေမှာတော့ နိုင်ငံခြားငွေဈေးတွေပြန်ကျခဲ့ပေမဲ့ တစ်ပတ်လုံး နှိုင်းယှဉ်ပါက အမေရိကန်တစ်ဒေါ်လာကို ၁၃၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၄၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို သုံးကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ်ကို ၂၅ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၂၄ ကျပ် မြင့်တက်ခဲ့ပါတယ်။

 

လာမယ့်အပတ်အတွင်း ကျပ်ငွေဈေး ပြန်လည်မြင့်တက်လာနိုင်တဲ့အတွက် နိုင်ငံခြားငွေဈေးတွေ ပြန်ကျသွားနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုထားပါတယ်။

 

ဒီတစ်ပတ် စနေနေ့ အပိတ် နိုင်ငံခြားငွေဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၆၃၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၄၆၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၆ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၅၅ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၄၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price