ဆေးတာဝန်ခံ CDM သူနာပြု အမျိုးသမီးကို ဥပဒေမဲ့ဖိနှိပ်မှုအပေါ် အရေးယူပေးဖို့ NUG ကို Shield အမျိုးသမီးအဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ ကျောက်ဆည်ခရိုင် တပ်ရင်း ၃ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးတာဝန်ခံ CDM သူနာပြုဆရာမတစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာ တပ်ရင်းမှူးက ဥပဒေမဲ့ဖိနှိပ်မှုနဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အရေးယူဆောင်ရွက်ပေးနိုင်ရေး Shield အမျိုးသမီးအဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ တောင်းဆိုလိုက်ပါတယ်။
စစ်ဒေသ (၁)၊ အမှတ် (၅၁၅) တပ်ရင်းတွင် ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကျောက်ဆည်ခရိုင် တပ်ရင်း (၃) ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဆေးတာဝန်ခံ CDM သူနာပြုဆရာမက နုတ်ထွက်ခွင့်တင်ရာကနေ အတင်းအကြပ် ဖမ်းဆီး ခြိမ်းခြောက်မှုခံရတာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သတ်ပြီး Shield အမျိုးသမီးအဖွဲ့ဆီကို တိုင်ကြားခဲ့တာနဲ့ပတ်သတ်ပြီး အချက် သုံးချက်ပါ တောင်းဆိုချက်နဲ့ လုံခြုံရေး တရားမျှတမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကာကွယ်ရေးဝန်ကြီးဌာန MoD ကနေ စုံစမ်းစစ်ဆေးပြီး ကယ်ဆယ်ကာကွယ် ပေးဖို့ အိတ်ဖွင့်ပေးစာနဲ့ Shield အမျိုးသမီးအဖွဲ့က တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။
CDM သူနာပြုဖြစ်တဲ့ ရဲဘော်ယဉ်မွန်အောင်ကို အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိပဲ Facebook Messenger ကနေ ထွက်သွားတယ်လို့ဆိုကာ အပြစ်ပေးခဲ့တဲ့အပြင် တပ်ရေးဗိုလ်တစ်ဦးက အညိုအမဲစွဲအောင် သုံးချက် ရိုက်နှက်ခဲ့ကာ သတိလစ်တဲ့အထိ အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားစဉ် အခြားယောက်ျားလေး အကျဉ်းသားများနဲ့အတူ ၆ ပေါက်ထိပ်တုံးမှာ အတူတွဲခတ်ပြီး ဖမ်းဆီးခဲ့တဲ့အပြင် မိသားစုနဲ့လည်း ဆက်သွယ်ခွင့်မပေးဘူးလို့ အိတ်ဖွင့်ပေးစာထဲပါရှိပါတယ်။
ဒါကြောင့် CDM သူနာပြုဖြစ်တဲ့ ရဲဘော် ယဉ်မွန်အောင်ရဲ့ လုံခြုံရေးနဲ့ ယာယီနေထိုင်ဖို့၊ အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ပြုလုပ်ပေးဖို့ Shield အမျိုးသမီးအဖွဲ့က တောင်းဆိုလိုက်တာပါ။
အဲဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖိနှိပ်ခံအမျိုးသမီးတွေကို ဥပဒေနဲ့ အညီကာကွယ်ပေးဖို့နဲ့ တရားမျှတမှုရရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ပူးပေါင်းကြိုးပမ်းပေးဖို့ကိုလည်း Shield အမျိုသမီးအဖွဲ့က အိတ်ဖွင့်ပေးစာထဲ တောင်းခံထားပါတယ်။
ဓာတ်ပုံ – Htake Htar Facebook