ကနီမြို့ကို စစ်ကောင်စီက မီးရှို့နေပြီး အနီးရှိကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

Author CJ Platform
Categories
Published on Mar 27, 2025

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီက အခုရက်ပိုင်းအတွင်း မြို့ပေါ်ရပ်ကွက်တွေကို မီးရှို့နေပြီး အနီးရှိကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ကနီမြို့ပေါ်က ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၃ ရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး အနီးရှိကျေးရွာတွေကိုလည်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဉ်နီးပါးပြုလုပ်နေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ မီးရှို့နေတာရှိပါတယ်။ ကနီမြို့ပေါ် Mi17 ဆင်းပြီးနောက် ရပ်ကွက် ၃ တစ်ရက်ရှို့တယ်၊ ရပ်ကွက် ၂ တစ်ရက်ရှို့တယ်။ အလယ်ကျွန်းပျူရွာထဲက ပျူစောထီးတွေနဲ့ မြို့ပေါ်က ‌ေ-ွးတွေက ဒီရက်ပိုင်း လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာတွေရှိတယ်” လို့ ကနီဒေသခံ CJ Platform သတင်းရင်းမြစ်က ပြောပါတယ်။

 

ကနီမြို့က ရပ်ကွက် ၃ ကို ၂၄ ရက်နေ့နဲ့ ရပ်ကွက် ၂ ကို ၂၅ ရက်နေ့မှာ မီးရှို့ခဲ့တာဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေလည်း ကနီဘက်ကို နေ့တိုင်း ဟောင်ဝှစ်ဇာတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

 

ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ပါရာမော်တာ စက်တပ်လေထီး ၆ စင်းနဲ့ ဒရုန်းကျွမ်းကျင်သူ ၂၀ ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းကနေ ပို့ဆောင်ခဲ့တဲ့အပြင် ယာကြီးတာဝါတိုင် စခန်းကိုလည်း စစ်အင်အားဖြည့်တင်းနေကာ ရိက္ခာထုပ်ချတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီက ကနီမြို့ပေါ်ကို အင်အားဖြည့်တင်းနေတဲ့အပြင် ကင်းထောက်ဒရုန်း (scout drone) တွေလည်း ညစဉ်ဝဲနေတာတွေရှိတဲ့အပြင် လေကြောင်းကနေလည်း တောက်လျောက်ပတ်ပြီး ကင်းထောက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

လက်ရှိ ကနီမြို့ပေါ်မှာ မြို့ခံတွေရှိမနေတော့ပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထောက်တိုင်တွေအပြင် ပျူစောထီးတပ်ဖွဲ့ဝင်တွေရှိနေပြီး ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာရုံးတချို့မှာ စစ်ကောင်စီက တပ်စွဲထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကနီမြို့နယ် နတ်ကြီးရွာ ကူးတို့ဆိပ်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မတ်လ ၁၀ ရက်နေ့ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၁ ရက်နေ့ကလည်း ကနီမြို့နယ်အတွင်း စက်တပ်လေထီးနှစ်စင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သား သုံးဦးသေဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့ရပါတယ်။

 

ကနီမြို့နယ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့ မဝေးတာကြောင့် လေကြောင်းအန္တရာယ်နဲ့ စက်တပ်လေထီးအသုံးပြုတိုက်ခိုက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ကနီမြို့ မု‌ဌောရွာအနီး ချင်းတွင်းမြစ်ဆိပ်ကမ်းတနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဖေဖော်ဝါရီလအတွင်းက ဗုံးကြဲတိုက်ခိုက်ခံရစဉ်(ပုံဟောင်း)