ထိုင်းမှာ ဒီဇင်ဘာလအတွင်း ဘတ်ဖွင့်မယ်

Author လဂွန်းအိမ်
Categories
Published on Nov 27, 2024

မြန်မာရွှေ့ပြောင်းနဲ့ ခိုးဝင် ခုနစ်သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလထဲ ပန်းရောင်ကတ်(ဘတ်)(ခေါ်) နေထိုင်ခွင့်လက်မှတ်တွေ လုပ်ပေးတော့မယ်လို့ ထိုင်းအစိုးရက တရားဝင်ကြေညာပါတယ်။

 

မြန်မာ၊ ကမ္ဘာဒီးယားနဲ့ လာအိုနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေအတွက် ဘတ်တွေကို ဒီနှစ် ၂၀၂၄၊ ဒီဇင်ဘာလ ၃၀ ရက်အထိ လုပ်ပေးမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

 

ဘယ်နေ့စလုပ်ပေးမယ်ဆိုတာမထည့်သွင်းထားပေမဲ့ လုပ်ငန်းစဥ်စတင်မယ့်ရက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်အကိုင်ဌာနကနေ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုထားပါတယ်။

 

ဒါပေမဲ့ ပန်းရောင်ကတ်လုပ်ပေးသူ ပွဲစားတွေကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အထောက်အထားသစ်လျှောက်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နာမည်စာရင်းကောက်ယူမယ်လို့ ပြောဆိုနေကြပါတယ်။

 

အခုထုတ်ပေးမယ့် အထောက်အထားသစ်ရရှိသူတွေဟာ ထိုင်းနိုင်ငံထဲမှာ ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ တစ်နှစ်တာယာယီ အလုပ်လုပ်ခွင့်ရရှိမှာဖြစ်တယ်လို့ အကျိုးဆောင်တွေက ပြောနေကြပါတယ်။

 

“၁၂ လပိုင်းထဲမှာ သက်ဆိုင်ရာသူဌေးနဲ့အထောက်အထားမဲ့တွေ ပူးတွဲစာရင်းတင်ရမှာပါ။ သက်တမ်းတိုးအဟောင်းတွေကတော့ ဒီနေ့ စ သော်(သက်တမ်းတိုး)လို့ရပါပြီ။ စာရင်းတင်ပြီးရင် သုံးရက်ကနေ ငါးရက်အတွင်း အမည်စာရင်းစာရွက်ထုတ်ပေးမှာပါ။ ရက်ပေါင်း ၆၀ အတွင်း အခြားလုပ်ငန်းအဆင့်ဆင့်ကို ဆက်လုပ်သွားရမှာဖြစ်ပါတယ်” လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ပန်းရောင်းကတ်လုပ်ပေးသူ ပွဲစားတစ်ဦးက ပြောပါတယ်။

 

ဘတ်လုပ်မယ်ဆိုပါက တစ်ဦးကို ထိုင်းအစိုးရဈေး ဘတ် ၆၀၀၀ သတ်မှတ်ထားပေမဲ့ ပွဲစားတွေကတော့ ဘတ် ၈၀၀၀ ကနေ ၁၅,၀၀၀ အထိ တောင်းရမ်းနေတာဖြစ်ပါတယ်။

 

“အခုလိုရမယ်ဆိုတော့ ပျော်တာပေါ့။ စရောက်လာထဲက တစ်နှစ်လောက်ရှိပြီ ဒီလိုရဖို့ကို စောင့်နေရတာ” လို့ ဆမွတ်ပရာကန်ခရိုင်မှာ တရားမဝင်ဝင်ရောက်အလုပ်လုပ်ကိုင်နေသူ ကိုသော်ဇင်က CJ Platform ကို ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အိမ်နီးချင်းထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေဆီ လူငယ်လူရွယ်တွေ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု မြင့်တက်ခဲ့ပြီး ဒီနှစ် ၂၀၂၄၊ ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီက အတည်ပြုလိုက်ပြီးနောက် ပိုမိုဆိုးရွားသွားခဲ့ရပါတယ်။

 

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ပန်းရောင်ကတ်ကို ဇူလိုင်လအတွင်း ပြုလုပ်ပေးခဲ့ပေမဲ့ ဒီနှစ်မှာတော့ လေးလလောက်နောက်ကျပြီးမှ ထိုင်းအစိုးရက လုပ်ပေးဖို့ တရားဝင်ပြောကြားလာတာဖြစ်ပါတယ်။

 

ဒါ့အပြင် ဒီနှစ်ထဲ ထိုင်းအစိုးရက အထောက်အထားမဲ့လုပ်သားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ အထူးစီမံချက်အနေနဲ့ ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီရက် ၁၂၀ အတွင်း နိုင်ငံခြားသားအလုပ်သမား အယောက် နှစ်သိန်းခုနစ်သောင်းကျော်ကို အလုပ်ခန့်ထားတဲ့ လုပ်ငန်းခွင် နှစ်သောင်းကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ၈၀၀ ကျော်က တရားမဝင်ရွှေ့ပြောင်းအလုပ်သမား နှစ်ထောင်ကျော်ကို ဖမ်းဆီးအရေးယူခဲ့ပြီး အဲဒီထဲက လုပ်သား ၁၃၀၀ နီးပါးဟာ မြန်မာတွေဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ နေထိုင်ခွင့်သက်သေခံကတ်ပြားကို တွေ့ရစဉ်