“ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးရွာနိုင်
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း တို့မှာ နေရာကွက်ကျား မိုးရွာမယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြောက်ဘက်ကိုရွေ့လျားပြီး ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၇၄၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်အကွာမှာတည်ရှိနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီမုန်တိုင်းငယ်ဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကနေ မိုင် ၅၀ အထိရှိနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့ညက ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားဖို့မရှိသလို မြန်မာ့ပင်လယ်ပြင် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်များအထိ မုန်တိုင်းအရှိန်သက်ရောက်မှု နည်းပါးမယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ငါးပေကနေ ရှစ်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်၊ ချင်းပြည်၊ ရခိုင် ပြည်နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။