ရှမ်းပြည်မှာ လွန်ကဲတဲ့အပူချိန်ကျဆင်းမှုဖြစ်ပေါ်နိုင် “ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ညအပူချိန်”
တရုတ်ပြည်မကြီးပေါ်က အားကောင်းတဲ့လေဖိအားများရပ်ဝန်းအရှိန်ကြောင့် ထိုင်းနိုင်ငံမှာ မနက်ဖြန် ဇန်နဝါရီ ၂၈ ရက်နေ့အထိ လေတိုက်နှုန်းမြင့်မားကာ လွန်ကဲတဲ့ အပူချိန်ကျဆင်းမှုဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလည်း မနက်ဖြန်အထိ အဲဒီလိုဖြစ်ပါ်နိုင်တယ်လို့ အဲဒီထုတ်ပြန်ချက်ကိုကိုးကားပြီး မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ပြောကြားပါတယ်။
အေးမြခြောက်သွေ့တဲ့ လေပြင်းများတိုက်ခတ်ခြင်းကြောင့် ကျန်းမာရေးအတွက် ဂရုစိုက်နေထိုင်ကြဖို့နဲ့ မီးဘေးအန္တရာယ်ကိုလည်း ဂရုစိုက်နေထိုင်ကြဖို့ သူက နှိုးဆော်ထားပါတယ်။
ရန်ကုန်မြို့မှာ မတ်လနဲ့ ဧပြီလတွေမှာ ပျမ်းမျှအပူဆုံးအဖြစ် ၃၇ ဒီဂရီစင်တီဂရိတ် အထိ ရှိနိုင်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလို အပူပြင်းတဲ့ရာသီဥတုမျိုး ကြုံရမှာမဟုတ်ဘူးလို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထားပါတယ်။
“ညအပူချိန်များ”
ညအပူချိန်များမှာ ချင်းပြည်မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၅ ဒီဂရီစင်တီဂရိတ်နဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နဲ့ ရခိုင်ပြည်တို့မှာ ၂ ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး နေပြည်တော်၊ ကချင်ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုခဲ့ပါတယ်။
အနိမ့်ဆုံးညအပူချိန်အဖြစ် ဟားခါးမြို့မှာ အနုတ် သုညနှစ် ဒီဂရီစင်တီဂရိတ်ဖြစ်ပေါ်ခဲ့ပြီး အမြင့်ဆုံး ညအပူချိန်အဖြစ် ပုသိမ်မြို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် လားရှိုးမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားနဲ့ တောင်ကြီးမြို့တို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ စစ်တွေ၊ ဟုမ္မလင်းနဲ့ ကျိုင်းတုံမြို့တို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ မကွေးနဲ့ ထားဝယ်မြို့တို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန်ဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့ ညနေပိုင်းကနေ မနက်ဖြန် မနက်အစောပိုင်းအထိ နေပြည်တော်မှာ ၁၆ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၅ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘားအံမြို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်နဲ့ ပဲခူးမြို့တို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။
“ဒီကနေ့ညနေအထိ မိုးရွာနိုင်ခြေ”
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်ထူထပ်နေကာ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
ကချင်ပြည်မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ