ထိုင်းဘုရင်စနစ်ကို ဝေဖန်သူ လူ့အခွင့်အရေးရှေ့နေ ထောင် လေးနှစ် ထပ်ချခံရ၊ စုစုပေါင်း ၁၄ နှစ်အထိရှိလာ

Author အဂ္ဂ
Categories
Published on Jul 26, 2024

ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့နိုင်ငံရေးသမားနဲ့ လူ့အခွင့်အရေးရှေ့နေဟာ ထိုင်းဘုရင်စနစ်ကို ဝေဖန်မှုနဲ့ နည်းပညာဆိုင်ရာဥပဒေကို ချိုးဖောက်ခဲ့လို့ဆိုပြီး ယမန်နေ့က ထောင်ဒဏ်လေးနှစ် ထပ်မံ ချမှတ်ခံလိုက်ရတယ်လို့ ထိုင်းလူအခွင့်အရေးဆိုင်ရာ ရှေ့နေများအဖွဲ့(TLHR)ကိုကိုးကားပြီး Bangkok Post သတင်းစာက ဖော်ပြပါတယ်။

 

ကြာသပတေးနေ့ ဇူလိုင် ၂၅ ရက်နေ့က အမိန့်ချမှတ်ခံရမှုအပြင် အရှေ့ကစီရင်ချက်သုံးခုတို့ကြောင့် အာနွန်ပါနန်ဟာ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရတော့မှာပါ။ နောက်ထပ် တရားစွဲခံထားရပြီး ဆိုင်းငံ့ထားတဲ့ အမှုဆယ်ခုလည်း ကျန်ရှိနေပါသေးတယ်။

 

ကြာသပတေးနေ့မှာ ရာဇဝတ်တရားရုံးက အာနွန်ကို ၂၀၂၁ ခုနစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ပို့စ်နှစ်ခုအတွက် ထောင်ဒဏ်ခြောက်နှစ်အထိ ချမှတ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ ရှေ့နေတွေက သူဟာ အမှုစစ်ဆေးရာမှာ အသုံးဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ လျှောက်ထားခဲ့တဲ့အတွက် ပြစ်ဒဏ်ကို လေးနှစ်အထိ လျှော့ချပေးခဲ့တာလည်းဖြစ်ပါတယ်။

 

ဒီနှစ် ဧပြီလထဲမှာလည်း အာနွန်ဟာ ဘုရင်စနစ်ကို စော်ကားမှု၊ အရေးပေါ်အမိန့်နဲ့ အခြားစွဲဆိုထားတဲ့ စွဲချက်များအား ချိုးဖောက်မှုတွေအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ရက်နှစ်ဆယ်အပြင် ထိုင်းဘတ်ငွေ တစ်ရာကိုလည်း ဒဏ်ကြေးဆောင်ခိုင်းခဲ့ပါတယ်။ အဲဒီအမိန့်ချမှတ်မှုဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ ဘန်ကောက်ယဉ်ကျေးမှုနဲ့ အနုပညာစင်တာ အပြင်ဘက်မှာပြုလုပ်ခဲ့တဲ့ ဟယ်ရီပေါ်တာဇာတ်ကားထဲက ပုံစံအတိုင်းဝတ်ပြီး ချီတက်လမ်းလျှောက်ခဲ့တဲ့ ချီတက်ပွဲနဲ့ ဆက်စပ်ပြီး ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

 

အဆိုပါအမိန့်ချမှတ်မှုမတိုင်ခင်မှာလည်း သူဟာ ၂၀၂၀ ခုနှစ်အတွင်း လူထုစည်းဝေးပွဲတစ်ခုမှာ ဘုရင်စနစ်ပြုပြင်ပြောင်းလဲဖို့ မိန့်ခွန်းပြောခဲ့တဲ့ ကိစ္စရယ်၊ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့တာတွေကြောင့် Lese-majeste law ဥပဒေနဲ့ စွဲချက်အသီးသီးတင်ခံရပြီး ထောင်ဒဏ်ရှစ်နှစ် အမိန့်ချမှတ်ခံခဲ့ရပါတယ်။

 

အာနွန်ဟာ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းလောက်ကစလို့ လူငယ်တွေ ဦးဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အရေးပါတဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေကို ထုတ်ဖော်ပြောဆိုခဲ့ရာမှာ ထိုင်းဘုရင်စနစ်ကိုလည်း ပြောင်းလဲပေးဖို့ ထည့်သွင်းတောင်းဆိုခဲ့တာပါ။

 

အသက် ၃၉ နှစ်အရွယ် လူ့အခွင့်အရေးရှေ့နေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ပထမဦးဆုံးအကြိမ် အမိန့်ချမှတ်ပြီးကတည်းက ဘန်ကောက်မြို့က ရီမန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သူ့ကိုအမိန့်ချမှတ်ထားတဲ့အမှုတွေကို အယူခံဝင်ခဲ့ပေမဲ့ အားလုံး ငြင်းဆိုခံထားရပါတယ်။

 

TLHR ရဲ့ ဒီနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အချက်အလက်တွေအရ ၂၀၂၀ ခုနှစ် ဇူလိုင်လကစလို့ အခုအချိန်ထိ နိုင်ငံရေးမှာ ပါဝင်ခဲ့မှုနဲ့ ဆန္ဒထုတ်ဖော်ပြောဆိုခဲ့မှုတွေကြောင့် တရားစွဲဆိုခံခဲ့ရသူပေါင်း ၁,၉၅၄ ဦး ရှိတယ်လို့ သိရပါတယ်။

 

အဲဒီထဲက ၂၇၂ ဦးထက်မနည်းဟာ ထိုင်းဘုရင်စနစ်ကို ပြစ်တင်ဝေဖန်သူတွေကို စွဲဆိုလေ့ရှိတဲ့ Lese-majeste Law လို့လည်းခေါ်တဲ့ ပြစ်မှုဆိုင်ရာတရားဥပဒေပုဒ်မ ၁၁၂ နဲ့ စွဲချက်တင်ခံထားရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၁၆ နဲ့ တရားစွဲဆိုခံထားရသူကလည်း ၁၅၂ ဦး ရှိတယ်လို့လည်း သိရပါတယ်။

 

ပြီးခဲ့တဲ့လအတွင်းမှာလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားမှုမှာပါဝင်တဲ့ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ ပါရစ်ချီဝါရက် ကိုလည်း Lese-majeste Law နဲ့ စွဲဆိုထားတဲ့ အမှုကို ရုံးချိန်းလာရောက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်။

 

ပါရစ်ဟာ ပုဒ်မ ၁၁၂ ကိုချိုးဖောက်မှုနဲ့ ဆက်စပ်နေတဲ့ စွဲချက်ပေါင်း ၂၅ ခုနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ သူဟာ အာမခံနဲ့ လွတ်မြောက်လျက်ရှိပြီး လက်ရှိ နိုင်ငံတွင်းကနေ ထွက်ပြေးတိမ်းရှောင်သွားပြီလို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

လက်ရှိအာဏာရပါတီရဲ့ အတိုက်အခံဖြစ်တဲ့ Move Forward Party ကို ပြိုကွဲသွားစေနိုင်လောက်တဲ့အထိ ဖွဲ့စည်းပုံအခြေခံဥပေဒခုံရုံးက စွဲချက်တင်ခဲ့တဲ့လုပ်ရပ်ဟာ ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံး ဥပဒေတစ်ခုလို့ဆိုနိုင်တဲ့ Lese-majeste Law ကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တာကလည်း အဓိကအချက်တစ်ချက်လည်းဖြစ်ပါတယ်။ MFP နဲ့ပတ်သက်တဲ့ စီရင်ချက်ကို လာမယ့်ဩဂုတ်လ ၇ ရက်နေ့ ရုံးချိန်းမှာ ချမှတ်သွားမှာလည်းဖြစ်ပါတယ်။

 

MFP ဟာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကတည်းက Lese-majeste Law ကို ပြုပြင်မယ်လို့ မဲဆွယ်စည်းရုံးခဲ့တာကြောင့် ဘုရင်ကို တိုင်းပြည်ရဲ့ ဥသျှောင်အဖြစ်ထားရှိတဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက်ပျက်ပြားစေတဲ့ အထောက်အထားရှိတယ်လို့ စွဲချက်တင်ခံရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးတင် စစ်ဆေးခံရတာလည်း ဖြစ်ပါတယ်။

 

အပြစ်ရှိတယ်လို့ ခုံရုံးကဆုံးဖြတ်ခဲ့ရင် ပါတီလည်း ဖျက်သိမ်းခံရနိုင်သလို ပါတီခေါင်းဆောင်တွေလည်း နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် ဆယ်နှစ်အထိ ပိတ်ပင်ခံရနိုင်ပါတယ်။ MFP ဘက်ကတော့ ပြစ်ဒဏ်တွေလျှော့ပေါ့ပေးဖို့ တောင်းဆိုထားပါတယ်။

 

ထိုင်းနိုင်ငံမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ လို့ခေါ်တဲ့ Lese-majeste Law နဲ့ စွဲချက်တင်ခံရပြီး ပြစ်ဒဏ်ထင်ရှားမယ်ဆိုရင် ထောင်ဒဏ် သုံးနှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ အကယ်၍ ဒီအမှုနဲ့ အဖမ်းခံရမယ်ဆိုရင် အဖမ်းခံရသူတွေဟ အာမခံပေးဖို့ ငြင်းဆိုတာ၊ အယူခံမှန်သမျှ ငြင်းဆိုတာတွေအပြင် ရုံးမတင်၊ စီရင်ချက်မချဘဲ အချိန်အကြာကြီး ဖမ်းဆီးထိန်းသိမ်းထားတာမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။

 

 

ဓာတ်ပုံ – Thai Lawyers for Human Rights

 

ကိုးကား- Bangkok Post