စစ်ဒဏ်သင့် သံတွဲအပါအဝင် ရခိုင်သုံးမြို့နယ်မှာ သဘာဝဘေး ရေကြီးနေ


စစ်ဒဏ်ခံနေရတဲ့ ရခိုင်ပြည်(တောင်ပိုင်း)က သံတွဲမြို့အပါအဝင် ဂွနဲ့ တောင်ကုတ်မြို့တို့မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ချောင်းရေမြင့်တက်လာပြီးနောက် ရေကြီးမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

တောင်ကုတ်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေအပြင် မြေနိမ့်ပိုင်းက ကျေးရွာအားလုံးနီးပါး ရေဝင်ရောက်နေပြီလို့ အဲဒီမြို့ခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“၂၁ ရက်နေ့ကတည်းကမိုးစရွာတာ ဒီနေ့အထိပဲ။ မိုးက အရမ်းကြီးတာအပြင် တောင်ကျချောင်းရေပါ မြင့်တက်လာတော့ ရေမြုပ်တာ မြေနိမ့်ပိုင်းတွေပိုခံရတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ဂွမြို့နယ်ရှိ ကျိန္တလီမြို့က ကျေးရွာတချို့မှာလည်း ချောင်းရေဝင်ရောက်နေတာကြောင့် နေအိမ်အများအပြား ရေနစ်မြုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

 

“ဖျား(ဒီရေ)ကလည်း အခုမှတက်လာ၊ မိုးကလည်း မတန့်လို့ ဒီတောင်ကျချောင်းရေ၊ ဒီဖျားရေနဲ့ ညဥ့်အချိန်ကို မတွေးတတ်တော့ပါဘူး” လို့ ၎င်းက ပြောပါတယ်။

 

 

နောက်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာလည်း ဇူလိုင်လ ၂၄ ရက်မှစတင်ကာ ရေတက်လာပြီး လက်ရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်တွေနဲ့  ကျေးရွာအများအပြား ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

 

“မိုးက မပြတ်ဘူး။ ဒီရေကလည်း ဆက်တက်နေတာ။ တိုက်ပွဲဖြစ်နေလို့ ခက်ခက်ခဲခဲနေထိုင်နေရတာ။ ခုလို ရေကြီးနေတော့ စားသောက်ရေးအပြင် နေထိုင်ရေးအတွက်ပါ။ အဝတ်အစားတွေရော တော်တော်ကို အခက်အခဲဖြစ်တယ်။ စိတ်ပင်ပန်းရတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ရေ‌တက်နေတဲ့အတွက် စစ်ဘေးရှောင်‌တွေနဲ့ အခြေခံ လက်လုပ်လက်စားပြည်သူတွေမှာ စားဝတ်နေရေးအခက်အခဲများနဲ့ ရင်ဆိုင်နေကြရတယ်လို့ အဲဒီဒေသခံတွေက တညီတညွှတ်တည်းပြောပါတယ်။

 

စစ်ကောင်စီရဲ့ မိုးဇလဌာနရဲ့ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ ဆိုထားပါတယ်။

 

ဒါကြောင့် နောက်နှစ်ရက်အတွင်း ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ မိုးဆက်လက်ပိုနေမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

 

သံတွဲမြို့မှာ အာရက္ခတပ်တော် AA က နာမည်ကျော် ငပလီကမ်းခြေနဲ့ မဇင်လေဆိပ်အပါအဝင် တစ်မြို့လုံးနီးပါးသိမ်းထားနိုင်ပြီး စစ်ကောင်စီရဲ့ နောက်ဆုံးကျန်တဲ့ ကွင်းဝိုင်းရေတပ်ကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်