တောင်ကုတ်မြို့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွား ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေ
တိုက်ပွဲတွေ စတင်ဖြစ်ပွားလာနေတဲ့ ရခိုင်ပြည် တောင်ကုတ်မြို့မှာ ဒီကနေ့ ဇွန်လ ၂၆ရက်နေ့ ည၉နာရီခန့်မှာ လေယာဉ်တွေပျံဝဲပြီး ပေါက်ကွဲသံတွေ ဆက်တိုက်ပေါ်ထွက်ခဲ့အပြီးမှာ လျှပ်စစ်မီးတွေပါ ပြတ်တောက်သွားခဲ့ရတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့လာပါတယ်။
“လေယာဉ်တွေ ပျံနေတယ်၊ ပေါက်ကွဲသံတွေ ဆက်တိုက်ပဲ ၊ လျှပ်စစ်မီးပျက်သွားပြီ၊ မိုခါမုန်တိုင်းအပြီးထဲက ၂၄နာရီလုံးလုံး မီးမပျက်တဲ့မြို့က မီးပျက်သွားတယ်”လို့ CJ Platform ရဲ့ Citizen Journalist က ည ၉နာရီ ၁၀မိနစ်ခန့်မှာ သတင်းပေးပို့လာပါတယ်။
သူ သတင်းပေးပို့ပြီးနောက် အခု သတင်းရေးသားချိန် ည ၉နာရီခွဲခန့်မှာတော့ CJ Platform ရဲ့ Citizen Journalist နဲ့ သတင်းခန်းဟာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ရပါတယ်။
အင်တာနက်အသုံးပြုပြီး ဖုန်းခေါ်ဆိုမှုတွေအပြင် ပြင်ပဖုန်းလိုင်းတွေနဲ့ပါ ခေါ်ဆိုလို့မရဘဲ အဆက်အသွယ် ပြတ်တောက်ခဲ့ရတာပါ။
အဆက်အသွယ်မပြတ်တောက်မီမှာတော့ CJ Platform ရဲ့ Citizen Journalist က သူ လက်ရှိ နေအိမ်တစ်လုံးထဲမှာ လုံခြုံစွာ ရှိနေကြောင်းတော့ သတင်းခန်းကို သတင်းပေးပို့ခဲ့ပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့ညပိုင်းမှာ မိုးကုတ်မြို့ အနောက်ပိုင်းကို လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း မိုးကုတ်မြို့က CJ Platform ရဲ့ Citizen Journalist က ရုပ်သံမှတ်တမ်းတွေပါ ရိုက်ကူးပေးပို့ထားပါတယ်။