ထားဝယ်တွင် စစ်အာဏာမသိမ်းကထက် မီတာခ နှစ်ဆမြင့်တက်

Published on Apr 26, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အာဏာသိမ်းပြီးနောက် မီတာခတဖြည်းဖြည်းမြင့်တက်လာရာ အာဏာမသိမ်းခင်မီ လွန်ခဲ့သည့်ငါးနှစ်ခန့်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

ယခင် ၂၀၂၀ ခုနှစ်အတွင်းက အိမ်သုံးသီးသန့် မီတာခ တစ်ယူနစ်လျှင် ၂၀ဝ ကျပ်ခန့်မှ ယခုအခါ ၄၃၀ ကျပ်နီးပါးအထိ ပေးဆောင်နေရကြောင်း မီတာသုံးစွဲနေသူများထံမှ သိရသည်။

 

ထားဝယ်နှင့် မြိတ်ကဲ့သို့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အစိုးရမီးမရဘဲ ပုဂ္ဂလိက ကုမ္ပဏီများထံမှ ဝယ်ယူသုံးစွဲနေရသည့်အတွက် အစိုးရမီတာခထက် ဈေးပိုပေးရလေ့ရှိသည်။

 

စစ်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် မီတာခများ မြင့်တက်လာရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

 

“အရင်က အစိုးရမီးရခဲ့တယ်။ မှန်မှန်မပေးနိုင်ဘူး။ အမြဲတမ်းပျက်နေတာ။ ခုက ပိုက်ဆံပေးရင် မီးလင်းတယ်။ ဆီဈေးနဲ့ဆိုင်တယ်။ ဆီဈေးတက်ရင်တက်မယ်။ ကျရင် ကျမယ်။ အဲကွန်းသုံးရင် ခြောက်သောင်း လောက် ပိုဆောင်ရတာပေါ့” ဟု ကညုံရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောသည်။

 

ထားဝယ်မြို့တွင် ပုဂ္ဂလိကုမ္ပဏီက မီးကို သုံးစွဲရသော်လည်း မီးမမှန်သောကြောင့် လုပ်ငန်းများ ထိခိုက်ရကြောင်း အမည်မဖော်လိုသော် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

“မီတာခဈေးကြီးလာလေ။ အမြတ်နည်းလာလေပေါ့။ မီးမမှန်တာကတော့ အလုပ်ပျက်ပြီး အလုပ်မလုပ်ရဘူး။ မီးကို အဓိကထားလုပ်နေရတာ” ဟု ၎င်းက ပြောသည်။

 

ထားဝယ်မြို့ပေါ်တွင် မီးပြတ်နေသည်မှာ ၂ လခန့်ရှိပြီဖြစ်ပြီး မီးပုံမှန်လာနေသည့်အတွက် စစ်ကောင်စီမှ မီးဖြတ်ရန်ညွှန်ကြားချက်၍ မီးမလာခြင်းဖြစ်သည်ဟု ထားဝယ်ဒေသခံ မဆုမီက ပြောဆိုသည်။

 

“ထားဝယ်က အဲဒီလို မီးတစ်ခါမှ မပျက်ဖူးဘူး။ တခြားမြို့တွေလည်း မီးပျက်တော့ ထားဝယ်မှာ မီးမပျက်လို့ဆိုပြီး စစ်တပ်က မီးပျက်ပေးဖို့ ပြောထားတယ်ကြားတယ်။ သေချာသလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

 

ထားဝယ်မြို့တွင်းရပ်ကွက်များဖြစ်သော ခုံဝင်းဒပ်၊ ဇရစ်၊ ဘုမ္မော၊ ကညုံနှင့် ဒေါင်းငူ ရပ်ကွက်များတွင် မီးပြတ်နေသော်လည်း မြို့ပြင်ရပ်ကွက်များတွင် မီးမပြတ်ကြောင်း မဆုမီက ဖြည့်စွက်ပြောဆိုသည်။

 

ထိုနည်းတူ မြိတ်မြို့တွင်လည်း မီတာခ တစ်ယူနစ်လျှင် တစ်ထောင်ကျပ်ကျော် ပေးဆောင်နေရပြီး အာဏာသိမ်းကာလပြီးနောက် ဈေးများတဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်သည်ဟု မြိတ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

 

ထားဝယ်မြို့တွင် အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တွင် မီးမီတာတစ်ယူနစ်လျှင် ၂၁၀၊ ၂၁၉ ၊ ၂၃၈ ကျပ်အထိသာ ကျသင့်ခဲ့ပြီး အာဏာသိမ်းပြီးချိန်တွင် မီတာခများ ဆတိုးတက်လာကြောင်း မြို့ခံများက ပြောသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်