မင်းတပ်ရှိ ဝမ္မသူးဆေးရုံ ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခံရမှု ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရဟု CDF Mindat ဆို
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံသည် ယမန်နေ့ ည ၈ နာရီခန့်က စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။
ထိုတိုက်ခိုက်ခံရမှုအတွင်း အရပ်သားပြည်သူ လေးဦးသေဆုံးပြီး ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း Chin Defence Force-Mindat မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။
“လေးဦး သေဆုံးတယ်လို့ ကနဦးသိရပါတယ်။ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပါတယ်ဗျ။ ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာတွေကတော့ ပြန်အသုံးပြုလို့ မရနိုင်လောက်အောင် ထိခိုက်သွားပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ ဧပြီ ၂၆ ရက် မွန်းတည့် ၁၂ ခန့်အထိ စစ်ကောင်စီတပ်၏ လေယာဉ်များသည် ဆေးရုံအနီးတဝိုက်နှင့် မင်းတပ်မြို့ပေါ်တို့တွင် ပျံဝဲနေသေးကြောင်း ၎င်းက ဆိုသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရသူများပါဝင်ကြောင်း ၎င်းက ဆက်ပြောပြသည်။
“စိုးရိမ်ရတဲ့ သူတွေလည်းများပါတယ်။ ရှိနေတဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ ဆေးအကူတွေက ကူပေးနေကြပါတယ်။ တချို့ဆရာမတွေဆို ကိုယ်တိုင်ထိခိုက်ခံရတဲ့ကြားက ကူပေးနေကြတာ ရှိပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါဗုံးကြဲခံရသည့် ဆေးရုံသည့် ချင်းကာကွယ်ရေးတပ်(CDF)များ ထိန်းချုပ်ထားသည့်နယ်မြေများအတွင်း အကြီးဆုံးဆေးရုံတစ်ခုဖြစ်ပြီး အရေးပေါ်လူနာများကို ကုသပေးနေသည့် ဆေးရုံတစ်ခုဖြစ်သည်။
ဓာတ်ပုံ – CDF-Mindat