ဒီတစ်ပတ် ရွှေဈေး အတက်အကျ”(မေ ၂၆ ရက်မှ ဂျွန် ၁ ရက် အထိ)

Author လင်းနွေဦး
Categories
Published on Jun 02, 2024

“ကမ္ဘာ့ရွှေ ပြန်ကျပြီး မြန်မာ့ရွှေ ဆက်တက်”

 

ဒီတစ်ပတ်မှာတော့ တက်နှုန်းမြင့်နေတဲ့ ရွှေဈေးတွေထဲက ကမ္ဘာ့ရွှေဟာ ဈေးပြန်ကျခဲ့ပေမဲ့ မြန်မာ့ရွှေ ဈေးတွေကတော့ တက်မြဲတက်ဆဲဖြစ်ပါတယ်။

 

ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၃၃၄ ဒေါ်လာကနေ ၇ ဒေါ်လာနှုန်းအထိ ပြန်လည် ကျဆင်းခဲ့တာပါ။

 

တစ်ဖက်မှာတော့ မြန်မာ့ရွှေဈေးနှုန်းတွေဟာ မေလ ၂၉ ရက်နေ့မှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို စံချိန်တင်ဈေးအဖြစ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့ပေမဲ့လို့ ဈေးကွက်ပိတ်ခါနီး ရက်ပိုင်းအလိုမှာတော့ ပြန်လည်ကျဆင်းခဲ့ပြီး ၅၃ သိန်းနီးပါးမှာ ရပ်တန့်ခဲ့တာဖြစ်လို့ အရင်အပတ် ဈေးကွက်အပိတ်ဈေးနှုန်းနဲ့ ၈ သောင်းအတိ မြင့်တက်ခဲ့ပါတယ်။

 

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA) ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာတော့ အကယ်ဒမီမီးလင်းရွှေ (၁၆ ပဲရည်) အခေါက်ရွှေတစ်ကျပ်သား အပိတ်ဈေးနှုန်းကို ၄၁ သိန်း ၄ သောင်း ၂ ရာလို့ ဖော်ပြခဲ့တာဖြစ်ပြီး မြေပြင်ဈေးကွက် အပိတ်ဈေးနှုန်းနဲ့ ၁၁ သိန်း ၃ သောင်း ၄ ထောင့် ၈ ရာ အထိ ကွာခြားနေခဲ့တာကို တွေ့မြင်ရပါတယ်။

 

၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းကတော့ အရင်အပတ် ဈေးနှုန်းဖြစ်တဲ့ ၄၈ သိန်း ၉ သောင်း ကျပ်မှ ၆ သောင်းကျပ်တိတိ ဈေးမြင့်တက်ခဲ့ပါတယ်။

 

ဇွန်လ ပထမရက်ရဲ့ မြေပြင် ရွှေဈေးကွက် အပိတ်ဈေးတွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၂ သိန်း ၈ သောင်းကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၉ သိန်း ၅ သောင်း ကျပ် နဲ့ ကမ္ဘာ့ရွှေ တစ်အောင်စ ကို အမေရိကန် ၂၃၂၇ ဒေါ်လာ ပေါက်ဈေးရှိခဲ့ပါတယ်။