သုခဒဂုံအိမ်ရာက လူသတ်မှုဟာ ကြိုတင်ကြံစည်မှုဖြစ်

Author CJ Platform
Categories
Published on Jun 26, 2025

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း သုခဒဂုံအိမ်ရာ တိုက် ၄၄မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဟာ သူခိုးဖြစ်သူ လူမိသွားလို့ အိမ်ရှင်ကို သတ်ခဲ့တာမဟုတ်ဘဲ ကြိုတင်ကြံစည် လူသတ်မှုသာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

တိုက် ၄၄ နေ ဦးနေလင်းနဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းယုအောင်တို့ နေအိမ်ကို ဇွန်လ ၂၁ရက်နေ့ မနက်ပိုင်းက သူခိုးဝင်ရောက်ရမှာ လူမိပြီး ဦးနေလင်းကို သတ်ဖြတ်သွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

 

ဖြစ်စဉ်အမှန်မှာ သူခိုးမဟုတ်ဘဲ တိုက် ၄၄ မှာပဲ နေထိုင်သူ ဦးကျော်အောင်နဲ့ တိုက် ၄၄မှာပဲ နေထိုင်သူ ဦးမင်းဇော်တို့က ကျူးလွန်ခဲ့တာလို့ဆိုပြီး သေဆုံးသူ ဦးနေလင်းဟာ လူသတ်သည်ဟု စွပ်စွဲခံရသူ ဦးကျော်အောင်ကို သူတို့မဲပေါက်ထားတဲ့ တိုက်ခန်းကို ကိုယ်တိုင်မနေဘဲ လူငှါးတင်ထားတယ်လို့ အိမ်ရာကော်မတီကို တိုင်ကြားခဲ့တာကြောင့် အငြိုးထားပြီး သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

စွပ်စွဲခံရသူ ဦးကျော်အောင်နဲ့ ဦးမင်းဇော်တို့ နှစ်ဦးဟာ မျက်နှာဖုံးတွေ တပ်ဆင်ပြီး ဦးနေလင်းရဲ့ တိုက်ခန်းအတွင်း ဓားတစ်ချောင်းနှင့်အတူ ခိုးဝင်ကာ ဦးနေလင်းတို့ လင်မယားနှစ်ဦး အိပ်ပျော်နေချိန် လည်ပင်းညှစ်၍ သတ်ဖြတ်ရန် လုပ်ဆောင်ခဲ့ပြီး ဦးနေလင်းက ရုန်းကန်တာကြောင့် ဓားနဲ့အချက်ပေါင်းများစွာ ထိုးသွင်းခဲ့ကြတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

 

လူသတ်မှုကျူးလွန်အပြီးမှာ သူခိုးဝင်ရောက်ပြီး သတ်ဖြတ်ခဲ့သလို ပုံဖော်ခဲ့ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေက ဆိုပါတယ်။

 

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း