လှိုင်းဘွဲ့က စစ်ကောင်စီရဲ့ ခလယ်ဒေးစခန်းကို KNLA သိမ်းပိုက်

Author CJ Platform
Categories
Published on Mar 26, 2025

ကရင်ပြည် လှိုင်းဘွဲ့မြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီက ဝင်ရောက်တပ်စွဲထားတဲ့ ခလယ်ဒေးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) လုံခြုံရေးစစ်ကြောင်းက ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တိုက်ခိုက်မှုကို KNU တပ်မဟာ (၇) လုံခြုံရေးစစ်ကြောင်းရဲ့ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နဲ့ တပ်ရင်း (၂၄) တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြားကနေ အဆက်မပြတ်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တဲ့အပြင် စခန်းအတွင်းရှိ စစ်ကောင်စီ တပ်သားတွေဟာ လက်နက်ခဲယမ်တွေကို မီးရှို့ဖျက်ဆီးပြီး စခန်းကိုစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

 

အဲဒီစခန်းကို KNLA တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မတ်လ ၂၄ ရက်နေ့မှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး၊ Y-12 နဲ့ ဗုံး (၃၆) လုံး ခန့်ကြဲချတိုက်ခိုက်ခဲ့ပေမဲ့ မတ်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီက ခလယ်ဒေးစခန်းကို လက်လွှတ်လိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။

 

ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီး စခန်းအတွင်းကနေ ပွိုင့် (၅) တစ်လတ်၊ ပွိုင့် (၅) ပြောင်း (၂) ချောင်း၊ ၆၀ မမ အရှည် (၁) လတ်၊ ၆၀ မမ အတို (၁) လတ်၊ RPG-7 (၁) လတ်၊ MA-2 (၃) လတ်၊ Jammer (၁) လုံး၊ မီးစက် အကြီး (၁) လုံး၊ မီးစက် အသေး (၁) လုံး၊ မိုင်းရှာစက် (၁) ခု၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ၁၆ နင်းမိုင်း (၂) လုံး၊ ၆၀ မမ ကျည် (၂၇) လုံး၊ ခွေးဗုံး (၁) လုံး၊ ၈၁ မမ ကျည် (၂) လုံး၊ ၄၀ မမ ကျည် (၃၂) လုံး၊ RPG-7 ကျည် (၁၄) လုံး၊ ၇ဒသမ၆၂ ကျည် (၂) သောင်း၊ ၅ဒသမ၅၆ ကျည် (၈) ထောင်၊ တိုက်မိုင်း (၆၀) လုံး၊ ခမောက် (၈) လုံး၊ ဆိုလာ (၄) ချပ် တို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ခလယ်ဒေးတပ်စခန်းကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့က ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့ကာ စခန်းစတင် တည်ဆောက်တဲ့ အချိန်ကစပြီး ဒေသခံတွေ လွတ်လပ်စွာ လှုပ်ရှားသွားလာလို့မရတော့တဲ့အပြင် နေထိုင်လုပ်ကိုင်စားသောက်ခွင့် အကန့်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

 

ဒါကြောင့် ဒေသခံတွေရဲ့ လိုလားချက်တွေနဲ့အညီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ − KNU

 

ပုံစာ – ခလယ်ဒေးစစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ။